“နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ၏ ဆုံးဖြတ်ချက်အပေါ် တုံ့ပြန်မည်ဟု အီရန်ပြောကြား”

13 Jun

အီရန်သည် ၎င်း၏နျူကလီးယားမပြန့်ပွားရေးအတွက် လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းများကို လိုက်နာ ဆောင်ရွက်ခြင်းမရှိကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီက ဆုံးဖြတ်ချက်ချခဲ့ပြီးနောက် ၎င်း ဆုံးဖြတ်ချက် အပေါ် တုံ့ပြန်ဆောင်ရွက်မည်ဟု အီရန်က ဇွန်လ ၁၂ ရက်တွင် ပြောကြားခဲ့သည်။ အီရန်အနေဖြင့် နိုင်ငံအတွင်းရှိ လုံခြုံစိတ်ချရသည့်ဇုန်တစ်ခုတွင် ယူရေနီယံသတ္တုသန့်စင်သည့် စင်တာတစ်ခုတည်ထောင်မည် ဖြစ်ကာ ဖော်ဒို နျူကလီးယားစက်ရုံတွင်လည်း ပြုပြင်မှုများကို ဆောင်ရွက်မည်ဟု အီရန်အဏုမြူစွမ်းအင်အဖွဲ့အစည်းက ပြောကြား သည်။ နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ၏ ယခုဆုံးဖြတ်ချက်အပေါ်သေချာစွာ တုံ့ပြန်ဆောင်ရွက်မည်ဖြစ်ပြီး တုံ့ပြန်မည့် အစီအစဉ်များကို နောက်ပိုင်းကာလတွင် ကြေညာမည်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အီရန် အဏုမြူစွမ်းအင်အဖွဲ့အစည်းတို့က ပြောကြားသည်။ ယခု အီရန်အပေါ် ချမှတ်သည့် ဆုံးဖြတ်ချက်သည် အမေရိကန်၊ ပြင်သစ်၊ ဂျာမနီနှင့် ဗြိတိန်တို့၏ ကျိုးကြောင်း ဆင်ခြင်မှုကင်းမဲ့စွာ ချမှတ်သည့် ဆုံးဖြတ်ချက်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အီရန်အဏုမြူ စွမ်းအင် အဖွဲ့အစည်းတို့က ပြောကြားသည်။ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ၏ ယခုဆုံးဖြတ်ချက်သည် အဓိပ္ပာယ် ကင်းမဲ့ပြီး အီရန်၏ နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းရေးအတွက် အသုံးပြုလိုသည့်ဆန္ဒကို ဆန့်ကျင်နေကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေးဗဂါအီက ပြောကြားသည်။ အီရန်သည် ယူရေနီယံသတ္တု အများအပြားကို နိုင်ငံအတွင်းရှိ နေရာအများအပြား၌ သိမ်းဆည်းထားကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ၏အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးနောက် ယခုဆုံးဖြတ်ချက်ကို နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ က ချမှတ် ခဲ့ခြင်း ဖြစ်သည်ဟု ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

13 Jun

ADVERTISE HERE .