“အိန္ဒိယလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်ပျက်ကျမှုဖြစ်ပွား လူအများအပြားသေဆုံး”
13 Jun
ခရီးသည်နှင့်လေယာဉ်အမှုထမ်း စုစုပေါင်း ၂၄၂ ဦး လိုက်ပါလာသည့် အိန္ဒိယလေကြောင်းလိုင်းမှ ခရီးသည် တင် လေယာဉ်တစ်စင်းသည် ဇွန်လ ၁၂ ရက် တွင် ပျက်ကျမှုဖြစ်ပွားရာ လူအများအပြား သေဆုံးကြောင်းနှင့် ခရီးသည်တစ်ဦး အသက်ရှင်ကျန်ရစ်ကြောင်း သိရသည်။ အသက်ရှင်ကျန်ရစ်သူတစ်ဦး၏အမည်မှာ ဗစ်ရှဝါကူးမား ရာမက် ဖြစ်ပြီး ထိုင်ခုံနံပါတ် 11A တွင်ထိုင်သူဖြစ်ကြောင်းနှင့် ၎င်းကို ရဲတပ်ဖွဲ့ဝင်များကတွေ့ရှိပြီးနောက် ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း တာဝန်ရှိသူများကပြောသည်။ အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် အမီ ဒါဘတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လန်ဒန်မြို့သို့ ပျံသန်းရန်ထွက်ခွာသွားသည့် အိန္ဒိယ လေကြောင်းလိုင်း မှ ဘိုးအင်း ၇၈၇-၈ လေယာဉ်သည် လေယာဉ်ပြေးလမ်းမှ ပျံတက်ပြီးနောက် မကြာမီတွင် ပျက်ကျခြင်း ဖြစ်သည်။ လေယာဉ်ဖြင့်လိုက်သွားသူများအနက် ၁၆၉ ဦးမှာ အိန္ဒိယနိုင်ငံသားများဖြစ်ပြီး ဗြိတိန် နိုင်ငံသား ၅၃ ဦး၊ ကနေဒါ နိုင်ငံသားတစ်ဦးနှင့် ပေါ်တူဂီနိုင်ငံသားခုနစ်ဦးတို့ဖြစ်ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ထားသည်။ ထိုလေယာဉ်သည် လေဆိပ်မှ ပျံတက်ပြီးနောက် ၂ မိနစ်မှ ၃ မိနစ်ခန့်တွင် ဘီဂျေဆေးကောလိပ်ရှိ စားရိပ်သာ အပေါ်သို့ ပျက်ကျသွားခြင်းဖြစ်ကြောင်း၊ ယင်းနေရာမှ လူတစ်ဦး သေဆုံးကာ ခုနစ်ဦး ပျောက်ဆုံးပြီး ၅၀ ခန့် ဒဏ်ရာ ရရှိသွားကြောင်း တာဝန်ရှိသူများ က ပြောသည်။ အိန္ဒိယဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီ ကလည်း အဆိုပါလေယာဉ် မတော်တဆမှုဖြစ်ပွားရခြင်းနဲ့ပတ်သက်ပြီး ပြောစရာစကားမရှိလောက်အောင်ပင် ဝမ်းနည်းရကြောင်းနှင့် တာဝန်ရှိ သူများအနေဖြင့်လည်း ကူညီထောက်ပံ့မှုတွေပေးသွားမှာ ဖြစ်ကြောင်း ပြောသည်။ ထိုကဲ့သို့ လေယာဉ် ပျက်ကျမှုနှင့် ပတ်သက်၍ အိန္ဒိယလေကြောင်းလိုင်းကို ပိုင်ဆိုင်သောကုမ္ပဏီက သေဆုံးသူတစ်ဦးစီ၏မိသားစုများအား ရူပီး ၁ဝ သန်းစီ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် လေယာဉ်ပျက်ကျမှု ဖြစ်ပွားရသည့် အကြောင်းရင်းနှင့်ပတ်သက်၍ အချိန်ပေးစုံစမ်းစစ်ဆေးရမည် ဖြစ်သော်လည်း လက်ရှိတွင် လုပ်နိုင်သမျှ အရာ အားလုံးကို လုပ်ဆောင်လျက်ရှိကြောင်း လေကြောင်းလိုင်းမှအမှုဆောင်ချုပ် က ပြောထားသည်ဟု ဆင်ဟွာ သတင်း ဌာန ဖော်ပြချက်အရ သိရသည်။