“ကိုဗစ်ကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အုပ်စုများကို ကာကွယ် ဆေးထိုးပေးမည်”
13 Jun
ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပါက ရောဂါပြင်းထန်နိုင်ခြေနှင့် အသက်ဆုံးရှုံးနိုင်ခြေမြင့်မားသည့် အသက် ၆၀ နှစ်နဲ့အထက် အသက်အရွယ်ကြီးသူများ၊ ဆီးချိုရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ကင်ဆာရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင် ကာလသုံးလနှင့်အထက် ကိုယ်ဝန်ဆောင်မိခင်များကို ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုခံယူကြရန် ကျန်းမာရေး ဝန်ကြီးဌာနက မေတ္တာရပ်ခံထားပါတယ်။ အဆိုပါအသက်အရွယ် အုပ်စုများအနေနဲ့ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံထားရန် လိုအပ် တာကြောင့် နီးစပ်ရာကျန်းမာရေးဌာနများမှာ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးသွားမှာဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံမှုကို ခံယူကြရန် မေတ္တာရပ်ခံကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်ည ၈ နာရီမှ ဇွန်လ ၈ ရက် ည ၈ နာရီအထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၂,၁၅၄ ခု စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၁ ဦးတွေ့ရှိထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထား ပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံအတွင်းမှာ ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် သေဆုံးမှု မရှိသော်လည်း ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပြည်သူများအနေနဲ့ တစ်ကိုယ်ရေကာကွယ်ရေး နည်းလမ်းများကို လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း သိရပါတယ်။ ဒါ့အပြင် ပြည်သူများအနေနဲ့ တစ်ကိုယ်ရေကျန်းမာရေး အလေ့အထကောင်းများကို စနစ်တကျမပျက်မကွက် ဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားပါတယ်။ (NVS 004)