"အွန်လိုင်းကနေ ကံစမ်းမဲဖောက်ကာ ရွှေရောင်းချခြင်းမပြုလုပ်ရန်သတိပေးချက်ထုတ်ပြန်"
13 Jun
အွန်လိုင်းကနေ ရွှေရောင်းဝယ်သူတွေ ငွေစုစာအုပ်နဲ့ ရွှေရောင်းတာ၊ တာလီစနစ်နဲ့ ရွှေရောင်းခြင်းနဲ့ ကံစမ်းမဲ ဖောက်ကာ ရွှေရောင်းချခြင်းများ မပြုလုပ်ဖို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ဇွန်လ ၁၂ ရက်မှာ အထူးသတိပေးထုတ်ပြန်ထားပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရွှေလုပ်ငန်းရှင်တွေ၊ ရွှေဆိုင်တွေနဲ့ အွန်လိုင်းမှတစ်ဆင့် ရွှေရောင်းဝယ်သူ တွေအားလုံးကို အခုလိုသတိပေးချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ရွှေလုပ်ငန်းရှင်တွေ၊ ရွှေဆိုင်တွေနဲ့ အွန်လိုင်းကနေ တစ်ဆင့် ရွှေရောင်းဝယ်သူတွေအားလုံး ရွှေဆိုင်နဲ့ပတ်သက်တဲ့ လိုင်စင်တွေကို မဖြစ်မနေလျှောက်ထားကြဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။ ရွှေဆိုင်လုပ်ငန်းလုပ်ကိုင်ရာတွင် လိုအပ်ချက်တွေဖြစ်တဲ့ ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှု လုပ်ငန်းလိုင်စင်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ လုပ်ငန်းလိုင်စင်၊ အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်ရေး လုပ်ငန်းအသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်နဲ့ ကုန်စည်ထုတ်သူ၊ ကုန်သွယ်မှုဆောင်ရွက်သူနဲ့ ဝန်ဆောင်မှု ဆောင်ရွက်သူတွေကို ထုတ်ပေးတဲ့ လုပ်ငန်းမှတ်ပုံတင်လက်မှတ်တွေကို လျှောက်ထားဖို့ လိုအပ်တယ်လို့ အထူးသတိ ပေးချက်မှာ ဖော်ပြထားပါတယ်။ ရွှေဈေးတည်ငြိမ်ရေးအတွက် ရွှေဆိုင်တွေအနေနဲ့ နေ့စဉ်ရွှေဆိုင်တွေ ဖွင့်လှစ်ခြင်း၊ သတ်မှတ်ဈေးဖြင့် ရောင်းချခြင်းနဲ့ လိုအပ်တဲ့လိုင်စင်တွေ လျှောက်ထားဆောင်ရွက်ဖို့ကို အသိပေးထားပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာဌာနတွေက လာရောက်စစ်ဆေးရာမှာလည်း ညွှန်ကြားချက်တွေကို လိုက်နာတာမရှိရင် ထိရောက်စွာအရေးယူဆောင်ရွက်မှာဖြစ်ကြောင်း ကြိုတင်အသိပေးထားပြီး ပူးပေါင်းပါဝင်ဆောင်ရွက်မှုအတွက် အထူးကျေးဇူးတင်တယ်လို့ သတိပေး ထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS 004)