“တရုတ်နှင့်အမေရိကန် ကုန်သွယ်ရေးဆိုင်ရာလုပ်ငန်းမူဘောင်ချမှတ်ရန် သဘောတူ”
12 Jun
တရုတ်နှင့်အမေရိကန်အကြား လန်ဒန်တွင် ကျင်းပနေသည့် ကုန်သွယ်ရေးဆွေးနွေးပွဲအား ဇွန်လ ၁၀ ရက် တွင် အဆုံးသတ်ခဲ့ကြောင်း သိရသည်။ ဆွေးနွေးပွဲအတွင်း နှစ်နိုင်ငံအကြားကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုများကို ဖြေလျှော့ရန် လုပ်ငန်းမူဘောင်တစ်ရပ်ချမှတ်ရေး သဘောတူခဲ့သည်။ ဆွေးနွေးပွဲတွင် တရုတ်နိုင်ငံဘက်မှ ဒုတိယ ဝန်ကြီးချုပ် ဟီလီဖန်း၊ ကုန်သွယ်ရေးဝန်ကြီး ဝမ်ဝင်တိုးနှင့် အမေရိကန်ဘက်မှ ဘဏ္ဍာရေးဝန်ကြီး စကော့ဗီဆန်၊ ကုန်သွယ်ရေးဝန်ကြီးဟောင်း ဝပ်လက်နဒ်တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲတွင် အမေရိကန်နှင့် ဥရောပ နိုင်ငံများသို့ မြေရှားသတ္တုတင်ပို့မှုများကို တရုတ်နိုင်ငံက ကန့်သတ်နေခြင်းနှင့် တရုတ်နိုင်ငံသို့ တစ်ပိုင်းလျှပ်ကူး ပစ္စည်းတင်ပို့မှုများအား အမေရိကန်က ကန့်သတ်နေခြင်းတို့ကို ဖြေလျှော့ပေးရေးအတွက် တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြသည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုအငြင်းပွားမှုများကို သာတူညီမျှ ရှိသည့် ဆွေးနွေးမှုနှင့်အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဖြေရှင်းသင့်သည်ဟု တရုတ် ဒုတိယ ဝန်ကြီးချုပ် ဟီလီဖန်းက ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံအနေဖြင့် ၎င်း၏ဆောင်ရွက်ချက်များအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်နှင့် ခိုင်မာသော သဘောတူညီချက်ကို အကောင်အထည်ဖော်ရန်ကြိုးပမ်းမှုတွင် ရိုးသားမှုကိုအခြေခံသော အကြောင်းအရာများ အပါအဝင် တွေ့ဆုံဆွေးနွေးမှုရလဒ်များကို ထိန်းသိမ်းရေးအတွက် တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ၎င်း က ပြောကြားခဲ့သည်။ ယခုရရှိသည့် သဘောတူညီချက်သည် ဇွန်လ ၅ ရက်က တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ထရမ့်တို့အကြား ဆွေးနွေးမှု၏ရလဒ်ဖြစ်သည်ဟု အမေရိကန်ကုန်သွယ်ရေး ဝန်ကြီးဟောင်း ဝပ်လက်နဒ်က ပြောကြားသည်။ ၎င်းသဘောတူညီချက်အရ မြေရှားသတ္တုတင်ပို့မှု ကန့်သတ် သည့် ကိစ္စများကိုလည်း တရုတ်ဘက်မှ ဖြေလျှော့မည်ဟု ယုံကြည်ကြောင်း ၎င်း က ပြောကြားသည်။ နှစ်နိုင်ငံစလုံး အနေဖြင့် အပြန်အလှန် ကန့်သတ်မှုများဖြေလျှော့ရေး လုပ်ငန်းမူဘောင်တစ်ရပ်ကို သဘောတူခဲ့ပြီး ၎င်းကဲ့သို့ သဘောတူညီချက်ရရှိခြင်းသည် ဂျီနီဗာတွင်ရရှိခဲ့သည့် သဘောတူညီချက်အပြင် နှစ်နိုင်ငံခေါင်းဆောင်များအကြား ဆွေးနွေးမှု၏ရလဒ်ဖြစ်သည် ဟုလည်း တရုတ်နိုင်ငံကုန်သွယ်ရေးကိုယ်စားလှယ်နှင့် ကုန်သွယ်ရေးဒုတိယဝန်ကြီး လီချန်ဂန်း က ပြောကြားသည်။ ဆွေးနွေးပွဲမှရရှိလာသော တိုးတက်မှုများသည် တရုတ်နှင့်အမေရိကန်တို့အကြား ယုံကြည်မှု အားကောင်းလာစေရန် နှင့်နှစ်နိုင်ငံအကြား စီးပွားရေးနှင့်ကုန်သွယ်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။