“တောင်ကိုရီးယားနှင့်တရုတ်နိုင်ငံတို့မှလှူဒါန်းတဲ့ ဆန်များကို မန္တလေးတိုင်းဒေသကြီးသို့ လွှဲပြောင်းပေးအပ်”

12 Jun

အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်- ၃/၂၀၂၄ အရ ကိုရီးယားသမ္မတနိုင်ငံ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ လှူဒါန်းသော ဆန် ၁,၅၇၅ တန်ကို စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားကို ဇွန်လ ၁၁ ရက်က ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါအခမ်းအနားကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမမှာ ကျင်းပခဲ့ပြီး မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ APTERR အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စား လှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးနှင့် ကိုရီးယားသမ္မတနိုင်ငံသံရုံးတို့မှ ကိုယ်စားလှယ် များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများနှင့် ငလျင်ဘေးသင့်ပြည်သူများတက်ရောက်ကြတယ်လို့ သိရပါတယ်။ အခမ်းအနား၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသူရစိုးက APTERR အစီအစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ကာ ထိုင်းနိုင်ငံ APTERR အတွင်းရေးမှူးချုပ်ရုံးမှ General Manager Dr. Choomjet Karnjanakesorn၊ မြန်မာနိုင်ငံ ဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံရုံးကိုယ်စားလှယ် Ms. Kim Weolsoon နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး အတိုင်ပင်ခံ Mr. Ouyang Daobing တို့က လှူဒါန်းမှုနှင့်စပ်လျဉ်းပြီး အသီးသီးပြောကြားခဲ့တယ်လို့ သိရပါတယ်။ ယင်းနောက် APTERR အစီအစဉ်-၃/၂၀၂၄ အရ လှူဒါန်းတဲ့ ဆန်များကို လူမှုရေးရာဝန်ကြီးထံသို့ ဒုတိယ ညွှန်ကြားရေးမှူးချုပ်က လွှဲပြောင်းပေးအပ်ပြီး ထိုင်းနိုင်ငံ APTERR အတွင်းရေးမှူးချုပ်ရုံးမှ Greneral Manager Dr. Choomjet Karnjanakesorn၊ မြန်မာနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးတို့မှ ကိုယ်စားလှယ်များက ငလျင်ဘေးသင့်ပြည်သူများထံ ဆန်အိတ်များလွှဲပြောင်းပေးအပ်ခဲ့ကာ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အလှူရှင်များထံ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပါတယ်။ ( NVS 004)

12 Jun

ADVERTISE HERE .