“စိုက်ပျိုးရေးထွက်ကုန်နှင့် ပို့ကုန်အချို့ကို အလိုအလျောက်လိုင်စင်စနစ်နဲ့ ၂ လခွဲကြာ ခွင့်ပြုမည်”

12 Jun

စိုက်ပျိုးရေးထွက်ကုန်များဖြစ်တဲ့ ဆန်နှင့် ပဲမျိုးစုံအပါအဝင် ပို့ကုန်အမယ်အချို့ကို ပြည်ပတင်ပို့မှုအတွက် အလိုအလျောက်လိုင်စင် (Automatic Licensing) စနစ်နဲ့ လာမယ့် ဇွန်လ ၁၅ ရက်မှ ဩဂုတ်လ ၃၁ ရက်အထိ ၂ လခွဲ ကြာ ခွင့်ပြုပေးသွားမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနရဲ့ ပို့ကုန်/သွင်းကုန် သတင်းလွှာ (၂/၂၀၂၅) ထုတ်ပြန်ချက်အရ သိရပါတယ်။ အဆိုပါကြေညာချက်အရ ငလျင်ဘေးအလွန် ပို့ကုန်လုပ်ငန်းတွေ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် လက်ရှိမှာ ပို့ကုန်လိုင်စင်ဦးစွာ လျှောက်ထားပြီးမှ စိစစ်ခွင့်ပြုတဲ့စနစ် (Non- Automatic Licensing)နဲ့ ကုန်စည် ၁,၅၅၆ လိုင်းကို ခွင့်ပြုဆောင်ရွက်ပေးနေရာက HS Code 10 Digit နဲ့ ကုန်စည် ၉၇ လိုင်းကို Myanmar Tradenet 2.0 မှာ ဇွန်လ ၁၅ ရက်မှ စတင်ပြီး အလိုအလျောက်လိုင်စင်(Automatic Licensing) စနစ်နဲ့ သြဂုတ်လ ၃၁ ရက်အထိ ပြောင်းလဲကာ ဆောင်ရွက်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။ လက်ရှိမှာ ကုန်သွယ်ရေးဦးစီးဌာနအနေနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေစနစ်တကျဆောင်ရွက်နိုင်စေဖို့ ပင်လယ် ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေက တင်ပို့တဲ့ကုန်စည်အားလုံးကို ပို့ကုန်လိုင်စင်လျှောက်ထားပြီးမှသာ တင်ပို့ခွင့်ပြုနေတာဖြစ်တယ်လို့ သိရပါတယ်။ Automatic Licensing ဆိုသည်မှာ ပို့ကုန်/သွင်းကုန်လိုင်စင်တွေကို ကုန်သွယ်ရေးဦးစီးဌာနက စိစစ်ဖို့မလိုဘဲ စနစ်ကအလိုအလျောက် လိုင်စင်ထုတ်ပေးတာဖြစ်ပြီး Non-Automatic Licensing ဆိုတာက လိုင်စင်ဦးစွာလျှောက်ထားပြီးမှ စိစစ်ခွင့်ပြုတဲ့စနစ် ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ကြေညာချက်အရ Non- Automatic Licensing စနစ်မှ Automatic Licensing စနစ်နဲ့ ပြောင်းလဲ ခွင့်ပြုမယ့် ကုန်စည်များကတော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ ပဲမျိုးစုံကုန်စည် ၅၈ လိုင်း၊ ဆန်၊ ပြောင်း၊ နှံစားပြောင်း၊ ပန်းဂျုံ ကုန်စည် ၂၅ လိုင်းနဲ့ ဆီထွက်သီးနှံကုန်စည် ၁၄ လိုင်းခွင့်ပြုသွားမှာဖြစ်ပါတယ်။ ( NVS 004)

12 Jun

ADVERTISE HERE .