“သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၏ (၉၀၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ဆွမ်းတော်ကြီး ၁,၄၆၀ လုံး လောင်းလှူပွဲကျင်းပ”

12 Jun

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရှေးဟောင်းသမိုင်းဝင် သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး၏ (၉၀၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အဖြစ် ဆွမ်းတော်ကြီး ၁,၄၆၀ လုံး လောင်းလှူပွဲကို ဇွန်လ ၁၀ ရက် ၅ နာရီအချိန်က ကျင်းပပြုခဲ့ကြောင်း ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်။ အလှူရှင်များက ဘုရားကြီးပုရဝဏ်အတွင်း ဆွမ်းတော်ကြီးတင်သပိတ်လုံး ၁,၄၆၀ လုံးကို လောင်းလှူပွဲကျင်းပ ခဲ့ကာ အလှူရှင်များလှူဒါန်းသော ဆွမ်းတော်ကြီးများကို မဟာဝိဇယာရာမ(အရှေ့)တိုက်၊ မဟာဝိသုတာရာမ(အလယ်) တိုက်၊ သာသနဝိပုလာရာမ(မန္တလေး)တိုက်၊ ဆုကြီးပန်ကျောင်းတိုက် စတဲ့ ပါဠိစာသင်တိုက် ၅ တိုက်ထံ ဆွမ်းသပိတ်လုံး ၁၀၀ လုံးစီနှင့် အခြားသောဘုန်းတော်ကြီးကျောင်း ၃၀ ကျောင်းထံ ဆွမ်းသပိတ်လုံး ၂၀ လုံးစီဖြင့် လိုက်လံပို့ဆောင် ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ ဒါ့အပြင် ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရားကြီးအား ရွှေသင်္ကန်းကပ်လှူပူဇော်သူများ၊ ဘုရားဖူးကုသိုလ်ယူသူ များ၊ ဘုရားကြီးအနီးရှိ ငလျင်ဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးရန်ပုံငွေပွဲအဖြစ် ဆယ်နှစ်ပွဲဈေးသည်များ၏ စုပေါင်းရောင်းပွဲတော်အတွင်း ရောင်းချသည့် အဝတ်အစား၊ အသုံးအဆောင်နှင့် စားသောက်ဖွယ်ရာများအား ဝယ်ယူ အားပေးသူများ၊ ကလေးကစားကွင်းနေရာများ၌ အပန်းဖြေဆော့ကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရပါတယ်။ အလောင်းစည်သူမင်းကြီးတည်ထားခဲ့တဲ့ သီဟိုဠ်ရှင်မြတ်စွာဘုရားကြီးသည် အခုချိန်မှာနှစ်ပေါင်း ၉၀၈ နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ တည်ထားကိုးကွယ်သည့် နှစ်မှစ၍ လက်ရှိအချိန်ထိ နောင်လာနောက်သား မျိုးဆက်သစ်လူငယ် များကို ဘာသာတရားကိုင်းရှိုင်းကြစေရန် ရည်ရွယ်ချက်ဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ ခန့်ကစတင်ပြီး ရေသွန်းပွဲတော်၊ နယုန်လတွင် ဗုဒ္ဓပူဇနိယဈေးရောင်းပွဲတော်၊ ဆွမ်းတော်ကြီးတင် လောင်းလှူပွဲတော်တို့ကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။ (NVS-004)

12 Jun

ADVERTISE HERE .