ငလျင်သင့်ပြည်သူများကို ထောက်ပံ့ရန် KBZ Center ဖွင့်လှစ်

11 Jun

ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ မြန်မာနိုင်ငံတစ်ဝန်းက ပြည်သူတွေကို ကာလရှည်ထောက်ပံ့နိုင်ရန် ရည်ရွယ်ကာ KBZ Center Mandalay ကို ဇွန်လ ၁၀ ရက်မှာ စတင်ဖွင့်လှစ်ခဲ့ကြောင်း KBZ Foundation က ထုတ်ပြန်ခဲ့ပါတယ်။ KBZ Center Mandalay ကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ၇၃ လမ်း x ၁၁၀ လမ်းရှိ ၁၆ ဧက ကျယ်ဝန်းတဲ့ မြေကွက်ပေါ်တွင် တည်ဆောက်ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ KBZ Center Mandalay စတင်ဖွင့်လှစ်လိုက်သည့်နေ့တွင် မန္တလေးမြို့ရှိ ပြိုကျပျက်စီးခဲ့တဲ့ ဘုန်းတော်ကြီး ကျောင်းနဲ့သီလရှင်ကျောင်း ၁၉ ကျောင်း အပါအဝင် ဘာသာရေးအဆောက်အဦ ၂၅ လုံးအတွက် ကနဦးအနေနဲ့ ဘိလပ်မြေအိတ် ၆,၇၀၀ နဲ့ ဆန်အိတ် ၈၇၀ တို့ကို တာဝန်ရှိသူတွေထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ KBZ Center Mandalay တွင် စိတ်ကျန်းမာရေး အပါအဝင် လူနာ ၇၀၀ ခန့်အား အခမဲ့နေ့စဉ်ကုသနိုင်တဲ့ ဆေးကုသခန်းများ၊ Call Center က တစ်ဆင့် အကူအညီတောင့်ခံနိုင်မယ့် ထောက်ပံ့လှူဒါန်းရေးစင်တာ၊ အခမဲ့ စားသုံးနိုင်မည့် နေ့လယ်စာ၊ ညစာ ထမင်းစားဆောင်၊ သောက်ရေသန့်နဲ့သုံးရေများ အခမဲ့ဖြန့်ဖြူးပေးခြင်း၊ အခမဲ့ အသုံးပြုနိုင်မယ့် ရေချိုးခန်း၊ အိမ်သာနဲ့ အဝတ်လျှော်စက်များ စီစဉ်ထားရှိပြီး အခမဲ့ အသုံးပြုနိုင်မယ့် LPG Gas မီးဖိုဆောင်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ငလျင်ဘေးသင့်ပြည်သူတွေ အိမ်ရာအမြန်ဆုံး တည်ဆောက်နိုင်ဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ အရှိန်အဟုန်နဲ့ လည်ပတ်နိုင်ဖို့ KBZ Bank ရဲ့ သီးသန့် Home Loan အထူးချေးငွေဌာန (နှစ်ရှည်)၊ အထူးချေးငွေဌာန (SME အလျင်အမြန်)နဲ့ Corporate Loan ထုတ်ချေးမှုတို့ တစ်ပါတည်း ထည့်သွင်းပါရှိပါတယ်။ Center မှာ ဘဏ်ဝန်ဆောင်မှုတွေကို အမြန်ဆုံး နဲ့ အထိရောက်ဆုံး ဖြစ်စေဖို့ ကောင်တာများ ဖွင့်လှစ်ပြီး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စိစစ်ကာဘဏ်ခွဲတွေက တစ်ဆင့်ချေးငွေတွေ အမြန်ထုတ်ချေးပေးသွားမယ် လို့လည်း ဆိုပါတယ်။ အဆိုပါ Center အတွင်း သဘာဝဘေးကယ်ဆယ်ရေးသင်တန်းများ၊ Training တွေ ပို့ချနိုင်မယ့် ဘက်စုံသုံး ခန်းမတွေ (Multi Purpose Rooms)များကိုလည်း ထည့်သွင်းထားတဲ့အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာပို့ချချက် Training တွေကိုလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ ငလျင်ဘေးသင့်ပြည်သူတွေအတွက် ထိရောက်၊ လွယ်ကူ၊ လျင်မြန်စေဖို့ KBZPay Center ၊ KBZMS General Insurance ၊ KBZ Life Insurance စတဲ့ဝန်ဆောင်မှုတွေ ပေးအပ်သွားမှာဖြစပါတယ်။ KBZ Foundation က ငလျင်ဘေးအတွက် ငွေကျပ် ၄၅ ဘီလီယံ ကနဦး မတည်လှူဒါန်းထားတဲ့အနက် ငလျင် ဘေးသင့်ပြည်သူတွေကို အနည်းဆုံး တစ်နှစ်ကနေငါးနှစ်အထိ ရေရှည်ကူညီပေးနိုင်မယ့် KBZ Center Mandalay ကို ငွေကျပ် ၃၀ ဘီလီယံ အသုံးပြုကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။(NVS 004)

11 Jun

ADVERTISE HERE .