တနင်္သာရီတိုင်းဒေသကြီးမှာ ဒီရေတော ၂၃ ခုကို ကြိုးပြင်ကာကွယ်တောအဖြစ်သတ်မှတ်
11 Jun
တနင်္သာရီတိုင်းဒေသကြီးမှာ ဖွဲ့စည်းပြီး ကြိုးပြင်ကာကွယ်ဒီရေတော ၂၃ ခုရှိကာ ဧရိယာအကျယ်အဝန်း အနေ နဲ့ ဧကနှစ်သိန်းကျော် ရှိတယ်လို့ တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနက ညွှန်ကြားရေးမှူး ဦးဝင်းနိုင် ရဲ့ပြောကြားချက် အရ သိရပါတယ်။ ဒါ့အပြင် အဏ္ဏဝါအမျိုးအစားဥယျာဉ်တစ်ခုပါရှိပြီး ဧရိယာဧက ငါးသောင်းကျော်ရှိတယ်လို့ သိရပါတယ်။ ဒီရေတောကြိုးပြင်ကာကွယ်တောဖွဲ့စည်းသတ်မှတ်တာက ဒီရေတောဂေဟစနစ်တွေ ရေရှည်တည်တံ့စေဖို့၊ ဇီဝမျိုးစုံ မျိုးကွဲတွေ ကြွယ်ဝစေဖို့၊ လှိုင်းဒဏ်လေမုန်တိုင်းဒဏ် ကာကွယ်နိုင်ဖို့၊ ရာသီဥတုပြောင်းလဲမှုတွေကို ထိန်းသိမ်းနိုင်ဖို့၊ ရေထွက်ကုန်တွေ ထုတ်ယူသုံးစွဲနိုင်ဖို့နဲ့ ကမ်းရိုးတန်းဒေသဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးမှာ သစ်တောဦးစီးဌာနအနေနဲ့ တစ်နှစ်ကို ဒီရေတော ဧက ၅၀ စိုက်ပျိုးပြီး NGO အဖွဲ့ အစည်းတစ်ခုကလည်း ဘုတ်ပြင်းမြို့နယ်အတွင်းမှာ ဒီရေတောတွေ စိုက်ပျိုးထားခြင်းတွေ ရှိတယ်လို့ သိရပါတယ်။ သစ်တောဦးစီးဌာနအနေနဲ့ လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ နိုင်ငံတစ်ဝန်း ဧရိယာရဲ့ ၃၀ ရာခိုင်နှုန်းကို ဒီရေတော ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောတွေ ဖွဲ့စည်းထားရမယ်လို့ နိုင်ငံတကာနဲ့ သဘောတူညီထားတာရှိတဲ့အတွက် တိုးချဲ့ ဖွဲ့စည်းသတ်မှတ်ဖို့ ဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။(NVS 004)