အမျိုးသားအစောင့်တပ်ဖွဲ့ တပ်စွဲခဲ့ခြင်းအတွက် အမေရိကန်အစိုးရအား ကယ်လီဖိုးနီးယားပြည်နယ်က တရားစွဲဆို

11 Jun

အမေရိကန်နိုင်ငံ လော့အိန်ဂျလိစ်တွင် အမျိုးသားအစောင့်တပ်ဖွဲ့အား တပ်စွဲခဲ့ခြင်းအတွက် အမေရိကန် အစိုးရအား ကယ်လီဖိုးနီးယားပြည်နယ်က တရားစွဲဆိုခဲ့ကြောင်း သိရသည်။ အမျိုးသားအစောင့်တပ်ဖွဲ့အား တရားမဝင်အသုံးချခဲ့ခြင်းအတွက် တရားစွဲဆိုခြင်းဖြစ်ပြီး ၎င်းဆောင်ရွက်ချက်ကြောင့် လော့အိန်ဂျလိစ်ဒေသတွင် အဓိကရုဏ်းများဖြစ်ပွားခဲ့သည်ဟု ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး ဂေဗင်နယူဆန်နှင့် ရှေ့နေချုပ် ရော့ဗွန်တာ တို့က ပြောကြားသည်။ ပြည်နယ်အုပ်ချုပ်ရေး၏ သဘောတူညီချက်မပါဝင်ဘဲ ဆောင်ရွက်ခြင်းသည် အခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်သဖြင့် သမ္မတထရမ့်နှင့် ကာကွယ်ရေးဝန်ကြီး ပီတီဟက်ဂက်တို့အား တရားစွဲ ဆိုခြင်းဖြစ်ကြောင်း ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးရုံးက ပြောကြားသည်။ ပြီးခဲ့သည့်ရက်များအတွင်းက ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများတွင် ဆန္ဒဖော်ထုတ်သူများနှင့် ရဲတပ်ဖွဲ့ အကြား ပဋိပက္ခများဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။ သမ္မတ သည် ၎င်း၏နိုင်ငံရေးအကျိုးအမြတ်အတွက် အဓိကရုဏ်းများကို ဖန်တီးနေသည်ဟု ရှေ့နေချုပ် ရော့ဗွန်တာ က ပြောကြားသည်။ အဆိုပါ တရားစွဲဆိုမှု အပြီးတွင် ထရမ့်ကလည်း ဆန္ဒဖော်ထုတ်သူများအား ပြင်းထန်စွာတုံ့ပြန်မည်ဟု ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းဌာန ဖော်ပြချက်အရ သိရသည်။

11 Jun

ADVERTISE HERE .