“အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ (APTERR) အစီအစဉ်-၃ ဖြင့် လှူဒါန်းသောဆန်များ လွှဲပြောင်း ပေးအပ်”
11 Junနေပြည်တော်ကောင်စီနယ်မြေရှိ ငလျင်ဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန် ရိက္ခာ (APTERR) အစီအစဉ်-၃ ဖြင့် ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ လှူဒါန်းသော ဆန်တန်ချိန် ၁,၆၁၀ တန်ကို စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် နေပြည်တော်ကောင်စီသို့ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို ဇွန်လ ၁၀ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိခန်းမမှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ APTERR အတွင်းရေးမှူးချုပ်၊ ကိုရီးယားနိုင်ငံနှင့် တရုတ်နိုင်ငံသံရုံးတို့မှ သံရုံးကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် ငလျင်ဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြပါတယ်။ ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး ဒုတိယဝန်ကြီးက APTERR အစီအစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ APTERR အတွင်းရေးမှူးချုပ် Dr. Choomjet Karnjanakesorn၊ ကိုရီးယားနိုင်ငံ သံရုံးကိုယ်စားလှယ်နှင့် တရုတ်နိုင်ငံသံရုံး အတိုင်ပင်ခံ Mr. Ouyangdaobing တို့က လှူဒါန်းမှုနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားခဲ့ပါတယ်။ ထို့နောက်ဒုတိယဝန်ကြီးက လှူဒါန်းသည့်ဆန်များကို နေပြည်တော်ကောင်စီဥက္ကဋ္ဌထံ လွှဲပြောင်း ပေးအပ်ပြီး APTERR အတွင်းရေးမှူးချုပ်၊ ကိုရီးယားနိုင်ငံသံရုံးကိုယ်စားလှယ်နှင့် တရုတ်နိုင်ငံသံရုံး အတိုင်ပင်ခံတို့က ငလျင်ဘေးသင့်ပြည်သူများထံ ဆန်အိတ်များ လွှဲပြောင်းပေးအပ်ခဲ့ကာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ (NVS-004)