“တရုတ်နှင့်အမေရိကန်တို့ကြား တင်းမာမှုများရှိနေစဉ် နှစ်နိုင်ငံကြားကုန်သွယ်ရေးဆွေးနွေးပွဲကို လန်ဒန်မြို့၌ ပြုလုပ်”
10 Jun
တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ ကြား၌ တင်းမာမှုများရှိနေစဉ် နှစ်နိုင်ငံကြား ကုန်သွယ်ရေးဆွေးနွေးပွဲ ကို ဗြိတိန်နိုင်ငံရှိ လန်ဒန်မြို့၌ ဇွန်လ ၉ ရက်မွန်းလွဲ ပိုင်းတွင်ပြုလုပ်ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ တရုတ်နိုင်ငံဘက်မှ ဒုတိယဝန်ကြီးချုပ် ဟီလိုင်ဖန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် အမေရိကန်နိုင်ငံဘက် မှ ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်ဆန့်၊ ကုန်သွယ်ရေးဝန်ကြီးဟောင်းဝပ်လတ်နစ်တို့ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့ တက်ရောက်ခြင်း ဖြစ်သည်။ ထိုဆွေးနွေးပွဲ ပြီးသည်နှင့်ချက်ချင်း အမေရိကန်ဘက်မှ ချမှတ်ထားသော ပို့ကုန်ထိန်းချုပ်မှုများ ဖြေလျှော့ပေးလာနိုင်ဖွယ်ရှိကြောင်း၊ ထပ်မံ၍အသေးစိတ်ဆွေးနွေးမှုများ လုပ်ဆောင်ရမည် ကို မျှော်လင့်ထားကြောင်း အိမ်ဖြူတော်မှ အမျိုးသားစီးပွားရေးကောင်စီ၏ညွှန်ကြားရေးမှူး ကီဗင်ဟတ်ဆတ် က အင်တာဗျူးတစ်ခုတွင် ပြောသည်။ ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံကြားတွင် စီးပွားရေးနှင့်နည်းပညာယှဉ်ပြိုင်မှုသည် ပြင်းထန်လျက်ရှိရာ အရေးပါသော သတ္တုတွင်းထွက်ပစ္စည်းများနှင့်အဆင့်မြင့်နည်းပညာများအပေါ် ထိန်းချုပ်ကန့်သတ်ချက်များကို ဖြေလျှော့ပေးနိုင်မည်ဆိုပါက ကြီးမားသောအလှည့်အပြောင်းတစ်ခု ဖြစ်လာစေမည် ဖြစ်သည်။ ယခု လုပ်ဆောင် သည့် ဆွေးနွေးမှုက ပြီးခဲ့သည့်သီတင်းပတ်တွင် နှစ်နိုင်ငံခေါင်းဆောင်များဖြစ်သည့် ရှီကျင့်ဖျင်နှင့်ထရမ့်တို့ကြား ဖုန်းဆက် ဆွေးနွေးပြီးနောက် ဆောင်ရွက်ခြင်းဖြစ်ကာ ယင်းသို့ဆွေးနွေးစဉ် နှစ်နိုင်ငံကြား တင်းမာမှုများကို ဖြေရှင်းနိုင်ရေးအတွက် ဆွေးနွေးမှုများလုပ်ရန် သဘောတူထားကြောင်း SCMP သတင်းဌာနဖော်ပြချက်အရ သိရသည်။