“အမေရိကန်-တရုတ် ကုန်သွယ်မှုဆွေးနွေးပွဲ လန်ဒန်မြို့၌ ကျင်းပမည်”
09 Jun
အမေရိကန်-တရုတ် ကုန်သွယ်မှုဆွေးနွေးပွဲကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ဇွန်လ ၉ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါဆွေးနွေးပွဲသို့ တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ဟီလီဖန် တက်ရောက်မည် ဖြစ်သည်။ ဒုတိယဝန်ကြီးချုပ်ဟီလီဖန်သည် ဇွန်လ ၈ ရက်မှ ၁၃ ရက်အထိ ဗြိတိန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၇ ရက်တွင် ကြေညာသည်။ အဆိုပါဆွေးနွေးပွဲသို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘတ်စ်ဆန့်၊ ကုန်သွယ်ရေးဝန်ကြီး ဟော့ဝဒ်လတ်နစ်ခ်နှင့် ကုန်သွယ်ရေး ကိုယ်စားလှယ် ဂျမီဆန်ဂရေရာတို့ တက်ရောက်မည် ဖြစ်သည်။ ဇွန်လ ၅ ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ် သမ္မတ ရှီကျင့်ဖျင်တို့ တယ်လီဖုန်းဖြင့် စကားပြောဆိုပြီးနောက် ယခုဆွေးနွေးပွဲ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းတို့သည် ပြီးခဲ့သည့်လကရရှိခဲ့သော သဘောတူညီချက်အပေါ် အခြေခံ၍ ၎င်းတို့၏ ညှိနှိုင်းရေးအဖွဲ့များ အား ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ရန် သဘောတူညီကြသည်။ သဘောတူညီချက်တွင် ကုန်ပစ္စည်း အချင်းချင်း အပေါ်ထပ်လောင်း အခွန်အခများလျှော့ချရန် တောင်းဆိုထားသည်။ တရုတ်နိုင်ငံသည် ဆက်သွယ်ရေးတိုးမြှင့်ရန် နှင့်ကုန်သွယ်မှုလွယ်ကူစေရန် သက်ဆိုင်ရာနိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်းလည်း တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။ လာမည့်အစည်းအဝေးတွင် နှစ်နိုင်ငံ ကိုယ်စားလှယ်များ သည် တရုတ်နိုင်ငံ၏ မြေရှားတင်ပို့မှု ကန့်သတ်ချက်များကို ဆွေးနွေးကြမည်ဟု မျှော်လင့်ရသည်။ ပေကျင်းသည် ၎င်း၏ပို့ကုန်ထိန်းချုပ်မှုများကို မည်သည့်အတိုင်းအတာအထိ ဖြေလျှော့ပေးမည်လဲဆိုသည်နှင့် အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံအကြား ကုန်သွယ်မှုလိုငွေကဲ့သို့သော ကိစ္စရပ်များတွင် တိုးတက်မှု ရှိ၊ မရှိကို ဆက်လက် စောင့်ကြည့် ရမည် ဖြစ်သည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။