နယ်မြေဒေသအေးချမ်းသွားပါက သူဌေးချောင်း ရေအားလျှပ်စစ်စီမံကိန်းကို အမြန်ပြီးစီးနိုင်ရေး ဆောင်ရွက်မည်
08 Jun
ရခိုင်ပြည်နယ်၊ သံတွဲမြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့်အကွာ သူဌေးချောင်းပေါ်တွင် တည်ဆောက် အကောင်ထည်ဖော်လျက်ရှိသည့် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းကို နယ်မြေဒေသလုံခြုံရေးအခြေအနေကြောင့် လွန်ခဲ့သောတစ်နှစ်ကျော်ကာလ ၂၀၂၄ ခုနှစ်၊ ဧပြီလကုန်မှစ၍ စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေသော ဝန်ထမ်းများအား ရွှေ့ပြောင်းပေးခဲ့ရပြီး လက်ရှိကာလအထိ စီမံကိန်းလုပ်ငန်းများ ခေတ္တရပ်နားထားခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိပါတယ်။ အဆိုပါစီမံကိန်းရဲ့ ရည်မှန်းချက်မှာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပြီးစီးမည့်စီမံကိန်းဖြစ်ပြီး တပ်ဆင် အင်အား ၁၁၁ မဂ္ဂါဝပ်ရှိသော လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၃၈၆ သန်းကို ရခိုင်ပြည်နယ် တောင်ပိုင်းဒေသများသို့ ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်မှာဖြစ်ပြီး ပိုလျှံသောဓာတ်အားများကို မဟာ ဓာတ်အားလိုင်းမှတစ်ဆင့် နိုင်ငံအဝှမ်း ဖြန့်ဖြူးပေးသွားနိုင်မှာလည်းဖြစ်ပါတယ်။ စီမံကိန်းကို ခေတ္တရပ်ဆိုင်းခဲ့ရမှု ကြောင့် နိုင်ငံတော်၏ ဓာတ်အားထုတ်လုပ်မှုမှာလည်း လျော့နည်းလျက်ရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ဓာတ်အားခဝင်ငွေ ရရှိမှုတွင်လည်း ဆုံးရှုံးနစ်နာလျက်ရှိကာ ဓာတ်အားသုံးစွဲသူ ပြည်သူများအနေဖြင့် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းမှ နှစ်စဉ်လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီ ၃၈၆ သန်း ဆုံးရှုံးနစ်နာလျက်ရှိကြောင်း ထည့်သွင်းထုတ်ပြန်ခဲ့ပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ၎င်းလျှပ်စစ်ဓာတ်အားစီမံကိန်း အဆောက်အအုံများ၊ တည်ဆောက်ရေးသုံး ပစ္စည်းများ၊ ဝန်ထမ်းအိမ်ရာများနှင့်ပတ်သက်၍ ထိခိုက်ပျက်စီးဆုံးရှုံးသော အခြေအနေများကို နယ်မြေလုံခြုံရေး အခြေအနေကြောင့်စစ်ဆေးနိုင်ခြင်းမရှိသေးကြောင်းနှင့် နယ်မြေဒေသအေးချမ်းသွားပါက စီမံကိန်းလုပ်ငန်းများ အမြန်ပြီးစီးနိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 004)