ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်တစ်လျှောက် စစ်အင်အားများ အပြန်အလှန်မြှင့်တင်
08 Jun
နှစ်နိုင်ငံနယ်စပ်တစ်လျှောက်၌ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့က စစ်အင်အားများ ဖြည့်တင်း နေကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ ကမ္ဘောဒီးယားနိုင်ငံက နယ်စပ်တစ်လျှောက်၌ စစ်အင်အား မြှင့်တင်ခဲ့ပြီးနောက် ထိုင်းနိုင်ငံအနေဖြင့်လည်း နယ်စပ်တစ်လျှောက်တွင် စစ်အင်အားကို ဖြည့်တင်းထားကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး ဝီချာယာချိုင် က ထုတ်ဖော်ပြောကြားထားသည်။ ပြီးခဲ့သည့် မေလ ၂၈ ရက်က ပိုင်ဆိုင်ခွင့်အငြင်းပွား နယ်စပ်တစ်နေရာ၌ ထိုင်းနှင့်ကမ္ဘောဒီးယား တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နှစ်နိုင်ငံနယ်စပ်တစ်လျှောက်တွင် စစ်အင်အားများကို ထိုင်းနှင့် ကမ္ဘော ဒီးယားတို့က မြှင့်တင်နေကြခြင်းဖြစ်သည်။ ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များနှင့် အရပ်သားများက ထိုင်းနယ်မြေများအတွင်းသို့ မကြာခဏ ကျူးကျော် ဝင်ရောက်မှု၊ နယ်စပ်တစ်လျှောက် စစ်အင်အားမြှင့်တင်နေမှုများသည် နယ်စပ်ပြဿနာများအတွက် အင်အား သုံးရန် ကမ္ဘောဒီးယားနိုင်ငံက ရည်ရွယ်ထားမှုကို ရှင်းရှင်းလင်းလင်းပြသနေကြောင်း ထိုင်းတပ်မတော်က ထုတ်ပြန်ထားသည့် ကြေညာချက်၌ ထည့်သွင်းဖော်ပြထားသည်။ ထိုင်းနှင့် ကမ္ဘောဒီးယားတို့အနေဖြင့် နယ်စပ်တစ်လျှောက်၌ စစ်အင်အားမြှင့်တင်မှုများအား မည်မျှ အတိုင်းအတာထိ မြှင့်တင်ထားသည်ကို မသိရသေးကြောင်း သိရသည်။ နယ်စပ်တစ်လျှောက် စစ်အင်အား မြှင့်တင် ထားမှုနှင့်ပတ်သက်၍ ထိုင်းကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက်ကို ကမ္ဘောဒီးယားအစိုးရက တစ်စုံတစ်ရာ တုံ့ပြန်ခြင်း မရှိသေးကြောင်းသိရသည်။