စားရေရိက္ခာဖူလုံရေးသာမက လယ်ယာကုန်ထုတ်လုပ်ငန်းများမှ ပြည်တွင်းပြည်ပဝင်ငွေ တိုးတက်ရှာဖွေ ပေးနိုင်ရေး ကြိုးပမ်းကြရန်လိုအပ်

07 Jun

လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနတွင် ဇွန်လ ၆ ရက်၌ ကျင်းပခဲ့ရာ စားရေရိက္ခာဖူလုံရေးသာမက မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့ရသည့် စီးပွားရေး လုပ်ငန်းများနှင့် နိုင်ငံ၏ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်မှုအတွက် အထောက်အပံ့ဖြစ်စေရန် လယ်ယာ ကုန်ထုတ်လုပ်ငန်းများမှ ပြည်တွင်းပြည်ပဝင်ငွေ တိုးတက်ရှာဖွေပေးနိုင်ရေး ကြိုးပမ်းကြရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် က ပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးလုပ်ငန်းများကို ဒေသအလိုက် လျာထားဧကပြည့် စိုက်ပျိုးရန်နှင့် စိုက်ဧရိယာအားလုံး ပန်းတိုင်အတွက်ရရှိရေး စနစ်တကျကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ အောင်မြင်ရေးအတွက် တောင်သူကိုယ်တိုင် အပြည့်အဝ ပူးပေါင်းဆောင်ရွက်လာကြစေရန် လိုအပ်သဖြင့် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများက အုပ်ချုပ်ရေး/စည်းရုံးရေးနည်းလမ်းများဖြင့် ထိရောက်စွာဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ သီးနှံစတင်စိုက်ပျိုးသည်မှ ရိတ်သိမ်းသိုလှောင်သည်အထိ အောင်မြင်စွာဆောင်ရွက်နိုင်ရေးနှင့် မျိုး၊ မြေ၊ ရေ၊ နည်း ပြည့်စုံမှန်ကန်စွာ ဆောင်ရွက်နိုင်ကြစေရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။ ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးလုပ်ငန်း ဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနများမှ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးဌာနမှူးများ တက်ရောက်ကြပြီး နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ဝင် လယ်ယာကဏ္ဍဆိုင်ရာဝန်ကြီးများနှင့် တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။(NVS 004)

07 Jun

ADVERTISE HERE .