နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ကာကွယ်ရန် အစိုးရနှင့်တပ်မတော်တို့က အတူတကွရပ်တည်လျက် ရှိဟု ထိုင်းဝန်ကြီးချုပ်ပြော

07 Jun

နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ကာကွယ်ရန်အတွက် ထိုင်းအစိုးရနှင့်တပ်မတော်တို့က အတူ တကွ ရပ်တည်လျက်ရှိကြောင်း ထိုင်းဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်ထရာ က ဇွန်လ ၆ ရက်တွင် ပြောကြား ခဲ့ကြောင်းသိရသည်။ ထိုင်းနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများနှင့်ဆက်ဆံရေးကို ထိန်းသိမ်းနေစဉ် နိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို ကာကွယ်သွားမည်ဖြစ်ကြောင်း ပေထုံတန် က အိမ်နီးချင်းကမ္ဘောဒီးယားနိုင်ငံနှင့် ဖြစ်ပွားသည့် နယ်စပ်အရေးနှင့်စပ်လျဉ်း၍ ကျင်းပသည့် ဆွေးနွေးပွဲပြီးနောက် ပြောကြားခဲ့ခြင်းဖြစ်သည်။ ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်၌ ထပ်မံဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအတွက် ကြိုတင်ပြင်ဆင် မှုများ လုပ်ဆောင်ရန်နှင့်စပ်လျဉ်း၍ ကျင်းပခဲ့သည့်ဆွေးနွေးပွဲတွင် ထိုင်းအစိုးရက အဓိကထားဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် နယ်စပ်အငြင်းပွားမှုတွင် ပါဝင်သည့် အဖွဲ့အစည်းများအနေဖြင့် ထပ်မံလုပ်ဆောင်မည့် အစီအစဉ် များကို အကောင်အထည်ဖော်ဆောင်ခြင်းမပြုမီ ဆွေးနွေးရမည်ဖြစ်ကြောင်း ပေထုံတန် က ဆက်လက် ပြောကြားသည်။ လက်ရှိတွင် ထိုင်းတပ်မတော်အနေဖြင့် ဖြစ်ပေါ်လာနိုင်သည့် မည်သည့် အခြေအနေမျိုးအတွက်မဆို ကြိုတင်၍ အသင့်ပြင်ဆင်ထားသော်လည်း အငြင်းပွားမှုကို တတ်နိုင်သမျှ ငြိမ်းချမ်းသည့်နည်းလမ်းဖြင့် ဖြေရှင်းရန် ဝန်ကြီးချုပ် ပေထုံတန် က ပြောကြားထားကြောင်း ထိုင်းတပ်မတော်က ထုတ်ပြန်ထားသည်။ ယခုနှစ် မေလ ၂၈ ရက်တွင် ထိုင်းနှင့် ကမ္ဘောဒီးယားတပ်မတော်တို့အကြား လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် ထွက်ပေါ်လာသည့်တင်းမာမှုများ လျော့ကျစေရန်အတွက် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့၌ ဇွန်လ ၁၄ ရက်တွင် ကျင်းပရန်စီစဉ်ထားကြောင်း သိရသည်။

07 Jun

ADVERTISE HERE .