“စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာများ ထပ်မံတိုးချဲ့ဖွင့်လှစ်ရန်စီစဉ်နေ”

05 Jun

နိုင်ငံတစ်ဝှမ်းမှာ စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ စုစုပေါင်း ၅၁ ခု ရှိပြီး တိုင်ကြားမှု လက်ခံဖြေရှင်းသည့်လုပ်ငန်းစဉ်ကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ကျန်ဒေသများမှာ ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမယ်လို့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ သိရပါတယ်။ ဇွန်လ ၂ ရက်ကကျင်းပခဲ့တဲ့ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်ရဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံက လက်ရှိတွင် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာများ တိုးချဲ့ဖွင့်လှစ်နိုင်‌ရေးနှင့်ပတ်သက်လို့ မကွေးခရိုင်၊ သရက်ခရိုင်နှင့် မင်းဘူးခရိုင်တို့တွင် တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့တဲ့အတွက် စုစုပေါင်း ၅၁ ခု ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်တယ်လို့ ထည့်သွင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ထို့အတူ စားသုံးသူ အသိပညာပေးဆောင်ရွက်မှုနှင့် ပတ်သက်လို့ ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဧပြီလကုန်အထိ လူဦးရေ ၆ ဒသမ ၄၀ သန်းကို အသိပညာပေး‌ဆောင်ရွက်နိုင်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ လူဦးရေ၏ ၁၂ ဒသမ ၄၈ ရာခိုင်နှုန်းကျော် လွှမ်းခြုံဆောင်ရွက်နိုင်ခဲ့ရာ စားသုံးသူအသိပညာပေးကဏ္ဍကိုလည်း နယ်ပယ်အသီးသီးမှာ တိုးချဲ့ဆောင်ရွက်သွားရန်လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိကာလမှာ စားသုံးသူတိုင်ကြားမှု အများဆုံး ဖြစ်သော အွန်လိုင်းငွေကြေးဝန်ဆောင်မှုကဏ္ဍ၊ ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့် မော်တော်ယာဉ်အရောင်းကဏ္ဍ များနှင့်ပတ်သက်၍ ဝန်ဆောင်မှုပေးသူဘက်က မှားယွင်းမှုများ၊ ပျက်ကွက်မှုများကြောင့် ဖြစ်ပေါ်လာသော စားသုံးသူ နစ်နာဆုံးရှုံးမှုများကို ဖြေရှင်းပေးနိုင်ခဲ့ကြောင်း၊ ဖြေရှင်းဆောင်ရွက်ပေးရန် ကျန်ရှိနေသော တိုင်ကြားမှုများကိုလည်း ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်းလည်း အသိပေးထားပါတယ်။ ဒါ့အပြင် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စားသုံးသူရေးရာကော်မတီများအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့် လုပ်ငန်းသဘောသဘာဝချင်းဆက်စပ်နေသော ကုန်ဈေးနှုန်းတည်ငြိမ်‌ရေး၊ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးကိစ္စရပ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်စပ် ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြပါတယ်။ (NVS 004)

05 Jun

ADVERTISE HERE .