“အမေရိကန်နိုင်ငံအနေဖြင့် ကုန်သွယ်ရေးသဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ဟု တရုတ် ပြော”
03 Jun
အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်ရရှိပြီးဖြစ်သော ကုန်သွယ်ရေးသဘောတူညီချက်ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန က ဇွန်လ ၂ ရက်တွင်ပြောသည်။ ထို့ပြင် တရုတ်နိုင်ငံ၏ အကျိုးစီးပွားများကို ကာကွယ်နိုင်ရေးအတွက် လိုအပ်သည်များကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ကတိပြုထားသည်။ တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံကြားကုန်သွယ်ရေး သဘောတူညီချက်များကို ချိုးဖောက်သည်ဟု အမေရိကန်သမ္မတဒေါ်နယ်ထရမ့် က ပြောပြီးနောက် တရုတ်အစိုးရဘက်က ယခုကဲ့သို့ ထုတ်ပြန်လာခြင်း ဖြစ်သည်။ အဆိုပါနှစ်နိုင်ငံမှ ကုန်သွယ်ရေးတာဝန်ရှိသူများက ဂျီနီဗာမြို့၌တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ပြီး နောက် မေလ ၁၂ ရက် တွင်ကြေညာလိုက်သော သဘောတူညီချက်အရ ဧပြီလအစောပိုင်းတွင်ချမှတ်လိုက်သည့် သွင်းကုန်အခွန်တိုးမြှင့်မှုများကို ဆိုင်းငံ့ရန် နှစ်နိုင်ငံစလုံး က သဘောတူထားသည်။ တရုတ်နိုင်ငံက ဖော်ပြထား သည့် အမေရိကန်အစိုးရ က ချိုးဖောက်သော သဘောတူညီချက်များတွင် ဟွားဝေကုမ္ပဏီ၏ချစ်ပြားများ အသုံးပြုမှု ကိစ္စ၊ တရုတ်ကုမ္ပဏီများသို့ ချစ်ပြားဒီဇိုင်းဆော့ဝဲများရောင်းချမှု ဆိုင်းငံ့ခြင်းနှင့် တရုတ်ကျောင်းသားများကို ဗီဇာများပယ်ဖျက်ခြင်းတို့ ပါဝင်သည်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် က စွပ်စွဲထားသည့် တရုတ်နိုင်ငံက ကုန်သွယ်ရေး သဘောတူညီချက်ကိုချိုးဖောက်သည် ဟူသောပြောဆိုချက်တွင်မူ တရုတ်နိုင်ငံအနေဖြင့် မည်သည့်အချက်များကို ချိုးဖောက်သည်ဟူ၍ အသေးစိတ်ဖော်ပြထားခြင်းမရှိဘဲ တရုတ်နိုင်ငံကို စီးပွားရေးအရ အန္တရာယ်ကြီးဖြစ်သည်ဟု သာ ပြောထားကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။