“ရုရှားနှင့်ယူကရိန်းတို့ အစ္စတန်ဘူ၌ ဆွေးနွေးပွဲထပ်မံပြုလုပ်”
03 Jun
ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များသည် တူကီယဲနိုင်ငံ၊ အစ္စတန်ဘူမြို့၌ ဇွန်လ ၂ ရက်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ထပ်မံပြုလုပ်ကြောင်း သိရသည်။ ထိုဆွေးနွေးမှုသည် လက်ရှိနှစ်နိုင်ငံကြား ဖြစ်ပွားလျက်ရှိသော ပဋိပက္ခအဆုံးသတ်စေရေးကိုရည်ရွယ်ကြောင်း တာဝန်ရှိသူများက ပြောသည်။ ယခု ဆွေးနွေး ပွဲတွင် ရုရှားကယူကရိန်းသို့ ငြိမ်းချမ်းရေးသဘောတူစာချုပ်မူကြမ်းကို ပေးအပ်လိုက်သည်။ ထို့ပြင် ရုရှားအစိုးရက ကျဆုံးသွားသည့် ယူကရိန်းစစ်သည် ၆,၀၀၀ ၏ရုပ်အလောင်းများကိုလာမည့် သီတင်းပတ်တွင် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း၊ အကျဉ်းသားအယောက် ၁,၀၀၀ စီထပ်မံလွှဲပြောင်းမည် ဖြစ် ကြောင်း၊ ဒဏ်ရာရစစ်သည်အားလုံးကိုလည်း အပြန်အလှန်လဲလှယ်မည်ဖြစ်ကြောင်း သဘောတူညီချက် ရရှိသည်။ ပြီးခဲ့သည့်မေလ ၁၆ ရက် ဆွေးနွေးပွဲ၌ နှစ်နိုင်ငံကြား အကျဉ်းသားအယောက် ၁,၀၀၀ စီကိုလွှဲပြောင်းရန် သဘောတူ ခဲ့ကာ ထိုသဘောတူညီချက်ကို အကောင်အထည်ဖော်ပြီးဖြစ်ကြောင်း Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။