အင်တာမီလန်အသင်းကို ဂိုးပြတ်အနိုင်ရပြီး ချန်ပီယံလိဂ်ဖလားရရှိခဲ့တဲ့ PSG အသင်း
01 Jun
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက်အစောပိုင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ PSG အသင်းနဲ့ အင်တာမီလန်အသင်းတို့ရဲ့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲမှာ PSG အသင်းက အင်တာမီလန်အသင်းကို ၅ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ နှစ်သင်းလုံးက အပြန်အလှန်တိုက်စစ်တွေနဲ့ ယှဉ်ပြိုင်ခဲ့ပေမယ့် လူငယ်များနဲ့ ပြင်ဆင်စုစည်းထားတဲ့ PSG အသင်းရဲ့ တိုက်စစ်အားကို အင်တာမီလန်အသင်းက ယှဉ်ပြိုင်နိုင်စွမ်းမရှိဘဲ ဂိုးများကို ခွင့်ပြုပေးခဲ့ရတာဖြစ်ပါတယ်။ PSG အသင်းအတွက် ဂိုးတွေကို ပွဲချိန် ၁၂ မိနစ်မှာ ဟာကီမီ၊ မိနစ် ၂၀ နဲ့ ၆၃ မိနစ်မှာ ဒူယီ၊ ၇၃ မိနစ်မှာ ရှက်ခလီယာ နဲ့ ၈၇ မိနစ်မှာ မာယူလူ တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ PSG အသင်းရဲ့ အခုလိုအောင်မြင်မှုက ပြင်သစ်အသင်းတွေရဲ့ ချန်ပီယံလိဂ်ဖလားအောင်မြင်မှုနဲ့ ဝေးကွာ နေမှုကို ရပ်တန့်နိုင်ခဲ့တာဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖလားကို ၁၉၉၃ ခုနှစ်က မာဆေးလ်အသင်းက နောက်ဆုံး အနေနဲ့ ရရှိခဲ့တာဖြစ်ပါတယ်။ အခုပြိုင်ပွဲမှာ အင်တာမီလန်ကစားများရဲ့ ပျမ်းမျှအသက်က ၃၀ နှစ်နဲ့ ၂၄၂ ရက်ရှိခဲ့ပြီး PSG ကစားသမားတွေရဲ့ ပျှမ်းမျှအသက်က ၂၅ နှစ်နဲ့ ၉၆ ရက်သာရှိခဲ့လို့ လန်းဆန်းတက်ကြွမှုက သိသာစွာ ကွာခြားခဲ့ပါတယ်။ PSG အသင်းရဲ့ ချန်ပီယံလိဂ်အောင်မြင်မှုကို ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားတဲ့ ကစားသမားဟောင်း အမ်ဘာပေ ကလည်း လူမှုကွန်ရက်မှတစ်ဆင့် ဂုဏ်ပြုသွားခဲ့ပါတယ်။(NVS 008)