ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဇွန် ၃၀ ရက်အထိထပ်မံတိုးမြှင့်
01 Jun
ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအား ဇွန်လ ၁ ရက်မှ ၃၀ ရက်အထိ ထပ်မံတိုးမြှင့်လိုက်ကြောင်း နစကသတင်းမှန်ပြန်ကြားရေးကော်မတီက မေလ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်နိုင်စေရေး၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်စေရေး၊ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုလျင်မြန်စွာ ဖော်ဆောင်နိုင်စေရေး၊ ရေရှည်တည်တံ့ပြီး စစ်မှန်သည့်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရေးတို့အတွက်ဖြစ်ကြောင်း ထည့်သွင်းထုတ်ပြန်ထားရှိပါတယ်။ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေး လမ်းကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန် ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေး အဖွဲ့ဝင်များ၏ တပ်စခန်းများအားတိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကို နှောင့်ယှက်တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများ မပြုလုပ်ရန်နှင့် ထိုသို့ လုပ်ဆောင်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုကို ကာကွယ်သောအားဖြင့် လိုအပ်သည့် အရေးယူတုံ့ပြန် မှုများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။(NVS 004)