တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် နေရာကွက်၍ မိုးကြီးမည်
01 Jun
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက် နံနက်ပိုင်းတွင်ထုတ်ပြန်သည့် မိုးလေဝသခန့်မှန်းချက်အရ ယနေ့ညနေအထိ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကာ ရွာရန်ရာနှုန်းပြည့်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားရှိပါတယ်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး၊ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း စတဲ့ မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်လို့ ကြိုတင်သတိပြုနိုင်ရန် အကြံပြုထားရှိပါတယ်။ နောက် ၂ ရက်အတွက်ခန့်မှန်းချက်အရ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးထစ်ချုန်းပြီး နေရာကွက်၍ မိုးကြီး နိုင်ကြောင်း သိရပါတယ်။(NVS 004)