ပိုးသတ်ဆေးအမျိုးပေါင်း ၁၈၅ မျိုး အတည်ပြုပေးနိုင်ရေး စိစစ်ဆွေးနွေးပွဲကျင်းပ

31 May

ပိုးသတ်ဆေးအမျိုးပေါင်း ၁၈၅ မျိုး အတည်ပြုပေးနိုင်ရေးအတွက် ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ (၄၅) ကြိမ် မြောက်အစည်းအဝေးကို မေလ ၂၉ ရက်က နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ တိုင်းပြည်၏ အဓိကစားသုံးသီးနှံများနှင့် ပြည်ပပို့ကုန်သီးနှံများ အထွက်နှုန်းတိုးတက်ရေး ကြိုးပမ်း ဆောင်ရွက်ရာတွင် အထွက်နှုန်းတိုးတက်စေရန် အထောက်အကူပြုသော သွင်းအားစုတစ်ခုဖြစ်တဲ့ ပိုးသတ်ဆေး သုံးစွဲရာ၌ အရည်အသွေးပြည့်မီပြီး အန္တရာယ်ကင်းသောပိုးသတ်ဆေးများ ထိရောက်စွာအသုံးပြုနိုင်ရန် ပိုးသတ်ဆေး မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းလုပ်ငန်းစဉ်များကို ပိုမိုစနစ်ကျကောင်းမွန်စေရန် ပြောင်းလဲဆောင်ရွက် လျက်ရှိပါတယ်။ စိုက်ပျိုးရေးထွက်ကုန်များ ပြည်ပသို့တင်ပို့ရာတွင် ပိုးသတ်ဆေးဓာတ်ကြွင်းများ စစ်ဆေးတွေ့ရှိမှုပြဿနာ ဖြစ်ပွားမှု များပြားလာခြင်းကြောင့် မိမိတို့နိုင်ငံ၏ ကုန်သွယ်မှုအခွင့်အလမ်းများ လျော့ကျလာနိုင်ကြောင်း၊ ပိုးသတ်ဆေး အမျိုးအစား တစ်မျိုးချင်းစီအပေါ်၌ ရှုထောင့်မျိုးစုံမှပြန်လည်သုံးသပ်ပြီး ဓာတ်ကြွင်းများကြောင့် ထိခိုက်မှုမရှိစေရေး နှင့် စားသုံးသူများ ဘေးအန္တရာယ်ကင်းစင်ရေးအတွက် မှတ်ပုံတင်အဖွဲ့ဝင်များအနေနဲ့ ဝိုင်းဝန်းကြိုးပမ်းကြစေရန်၊ ရေရှည်တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှုအတွက် ပိုးသတ်ဆေးဖျန်း၍ ပိုးနှိမ်နင်းခြင်းသည် အဖြေမဟုတ်ဘဲ ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိတဲ့ သီးနှံများကိုသာ မျိုးစပ်ရွေးချယ်ခြင်း၊ စိုက်ပျိုးခြင်းအပြင် ပိုးမွှားရောဂါကျရောက်မှုကို တောင်သူလယ်သမားများ ကိုယ်တိုင်ပါဝင်သော ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းမှုဖြင့် ဆောင်ရွက်သွားရမယ်လို့ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ် က အစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့ အတွင်းရေးမှူးက ဆွေးနွေးအတည်ပြုပေးရမည့် ပိုးသတ်ဆေး မှတ်ပုံတင်ခွင့် တင်ပြစာများအားတင်ပြရာ အစည်းအဝေးက လုပ်ငန်းစာတွဲတစ်ခုချင်းအပေါ် စိစစ်ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ ပိုးသတ်ဆေးမှတ်ပုံတင်ခြင်းလုပ်ငန်းများ လျင်မြန်ချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် Manual Online (Myanmar Agricultural Import Registration System (MAIRS) Online System) စနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ အစည်းအဝေးများကို ၁၉၉၃ ခုနှစ်မှစတင်၍ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ ကျင်းပခဲ့ရာ (၄၄)ကြိမ်မြောက်အစည်းအဝေး ပြီးဆုံးသည့်ကာလအထိ ပိုးသတ်ဆေးစုစုပေါင်း ၄,၃၉၃ မျိုးကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးပါတယ်။(NVS 004)

31 May

ADVERTISE HERE .