ကလောအနည်ကျချိုင့်ဝှမ်း(Kalaw Basin)မှာ ရေနံနှင့်သဘာဝဓာတ်ငွေ့ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ရန် ကွင်းဆင်း ဆောင်ရွက်မည်
28 May
ရေနံနှင့်သဘာဝဓာတ်ငွေ့ကောင်းစွာ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်း မပြုလုပ်ရသေးသည့် အနည်ကျ ချိုင့်ဝှမ်း ကိုးခုရှိတဲ့အနက် ကလောအနည်ကျချိုင့်ဝှမ်း(Kalaw Basin)မှာ ရန်ကုန်တက္ကသိုလ်ဘူမိဗေဒဌာနမှ ဆရာ/ ဆရာမများနှင့် ကျောင်းသူ/ကျောင်းသားများ ကွင်းဆင်းလေ့လာမည်ဖြစ်ကြောင်း မေလ ၂၆ ရက်တွင် စွမ်းအင်ဝန်ကြီး ဌာန၊ ရတနာခန်းမမှာ ကျင်းပပြုလုပ်သည့် ပထမအကြိမ်ပဏာမစူးစမ်းလေ့လာခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက် ကြမည့် ပူးပေါင်းအဖွဲ့များအား တွေ့ဆုံအားပေးခြင်းနှင့် စခန်းချအောင်နိုင်ရေး အလံပေးအပ်ခြင်းအခမ်းအနား၌ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က ပြောကြားခဲ့ကြောင်း သိရပါတယ်။ အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် က မိမိတို့နိုင်ငံအတွင်း ကုန်းတွင်းအနည်ကျ ချိုင့်ဝှမ်း ၁၄ ခုရှိပြီး ရေနံနှင့် သဘာဝဓာတ်ငွေ့ကောင်းစွာ ရှာဖွေ၊ တူးဖော်၊ ထုတ်လုပ်ခြင်း မပြုလုပ်ရသေးသည့် အနည်ကျချိုင့်ဝှမ်း ကိုးခုရှိကာ ၎င်းတို့အနက် ကလောအနည်ကျချိုင့်ဝှမ်း(Kalaw Basin)တွင် ယခုကွင်းဆင်း လေ့လာခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဖြစ်ပြီး ယခုလိုကွင်းဆင်းလုပ်ငန်းများ စတင်ဆောင်ရွက်နိုင်စေရန် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်တို့မှ ဘာသာရပ်ဆိုင်ရာဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ များ၊ ဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနှင့် မိတ်ဖက်ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ၎င်းဆွေးနွေးမှုများမှတစ်ဆင့် နယ်ပယ်စုံမှပါဝင်သည့် “စွမ်းအင်ကဏ္ဍ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ”ကို ဖွဲ့စည်းခဲ့ပြီး ယခုကဲ့သို့ “University - Industry - Research & Development Tripartite Collaboration” ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း၊ ယခင်ကကုန်းတွင်းရေနံမြေများ ရှာဖွေဖော်ထုတ် ရာတွင် အနေအထားဘူမိဗေဒ (Structural Geology) လေ့လာရန်အတွက် ကောင်းကင်ဓာတ်ပုံ (Aerial Photo) များကိုသာ အသုံးပြုခဲ့ရပြီး ယခုအခါတိုးတက်လာသည့် Remote Sensing နည်းပညာများကို အသုံးပြုပြီး Satellite Image များကို အသုံးပြုလာနိုင်ခဲ့ရာ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ရှာဖွေရာတွင် အထောက်အကူပြုလာနိုင်ပြီး ပိုမိုလွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ယခုကွင်းဆင်းလေ့လာခြင်းမှာ ပဏာမစူးစမ်းလေ့လာခြင်း အဆင့်သာဖြစ်ပြီး ဆက်လက်၍ အသေးစိတ် ထပ်မံလေ့လာဆန်းစစ်ခြင်းများ ဆောင်ရွက်ကာ ကွင်းဆင်းလေ့လာမှုများအတွက် လိုအပ်သည်များကို ဝန်ကြီးဌာနမှ ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း၊ အခက်အခဲများကြားမှ ရရှိလာသည့် အခွင့်အရေးကို အကျိုးရှိရှိအသုံးချကာ နိုင်ငံတော်အတွက် အဖိုးထိုက်တန်သော ရေနံမြေသစ်တစ်ခု ရှာဖွေဖော်ထုတ်နိုင်မည့် ကွင်းဆင်းလေ့လာမှုမှတ်တမ်း (Field Report) တစ်ခုရရှိအောင် အတူတကွပူးပေါင်းဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြား ခဲ့ပါတယ်။ ဆက်လက်ပြီး မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး)တို့က ကွင်းဆင်းဆောင်ရွက်ကြမည့် ပူးပေါင်းအဖွဲ့အား လိုအပ်သည်များမှာ ကြားပြီး ပြည်ထောင်စုဝန်ကြီးက ကွင်းဆင်းဆောင်ရွက်ကြမည့် ပူးပေါင်းအဖွဲ့အား စခန်းချအောင်နိုင်ရေး အလံပေးအပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား ရေးမှူးများ၊ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနမှ ပါမောက္ခ(ဌာနမှူး)၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ များနှင့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဘူမိဗေဒပညာရှင်များ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။