"ရေယာဉ်များ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ရေလမ်းသတိပေးထုတ်ပြန်”

27 May

မြန်မာနိုင်ငံရှိ မြစ်များတွင် မုတ်သုံရာသီအစ မိုးဦးကာလတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ် ခြင်းတို့နှင့်အတူ မြစ်ရေမြင့်တက်လာနိုင်ကာ မြစ်ရေတက်လာမှုပေါ်မူတည်၍ ရေယာဉ်များ အန္တရာယ်ကင်းစွာ ခုတ်မောင်း သွားလာနိုင်ရန် လိုအပ်သော ရေလမ်းညွှန်အမှတ်အသားများကို ပြသထားပေးထားမှာဖြစ်လို့ ရာသီဥတုဒဏ်ကြောင့် ရေ လမ်းညွှန်အမှတ်အသားများ တစ်ခါတစ်ရံ ပျက်စီးပျောက်ဆုံးနိုင်သဖြင့် ရေယာဉ်များအနေနဲ့ ဂရုပြုခုတ်မောင်းကြရန် ရေလမ်းသတိပေးချက် ထုတ်ပြန်ထားကြောင်း သိရပါတယ်။ ရေများကာလတွင် ရေလမ်းများအတွင်း ရေစီးသန်ခြင်းနှင့် ဝဲလှည့်ခြင်းတို့ ဖြစ်ပေါ်နိုင်သည့်အပြင် မြစ်ရေ တက်လာမှုကြောင့် ရေနည်းကာလတွင် ပေါ်ထွန်းခဲ့သောသောင်နှင့် ကျွန်းများရေမြုပ်၍ ရေမြွှာပေါက်ဖြတ်လမ်းများ ဖြစ်ပေါ်လာနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ရေအနက်မလုံလောက်သော ရေမြွှာပေါက်ဖြတ်လမ်းများကို ဖြတ်သန်းခုတ် မောင်းခြင်းမပြုကြရန်နှင့် မိမိရေယာဉ်၏စက်အားနှင့် ရေစီးနှုန်းကိုချင့်ချိန်၍ သတ်မှတ်ရေလမ်းအတိုင်းသာ သတိပြု ခုတ်မောင်းရန်လိုအပ်ပါတယ်။ မြစ်ကူးတံတား ရေလမ်းများတွင် ရေယာဉ်များဝင်ရောက်ရမည့်ဝင်ပေါက်တွင် နေ့အခါ အစိမ်းရောင်တြိဂံ အမှတ်အသားပြသထားပြီး ညအခါ မီးစိမ်းထွန်းပြသထားကာ မဝင်ရမည့်ရေလမ်းတွင် နေ့အခါ အနီရောင်ကြက်ခြေခတ် အမှတ်အသားပြသထားပြီး ညအခါ မီးနီထွန်းပြသထားမှာဖြစ်ပါတယ်။ ရေများကာလတွင် မြစ်ကူးတံတားကြီးများ၏ ရေလယ်တိုင်အုတ်ခုံများမှာ ရေမြုပ်နေပြီး ရေလယ်တိုင် ၂ တိုင် အကြားတွင် ရေစီးသန်သောကြောင့် ရေယာဉ်များ မြစ်ကူးတံတားရေလမ်းကို ဖြတ်သန်းရာတွင် စက်နှင့်တက်မစနစ် များကို ကြိုတင်စစ်ဆေးပြီး လုံလောက်သောအကွာအဝေးမှ ချဉ်းကပ်လမ်းကြောင်းမှန်ဖြင့် ဖြတ်သန်းခုတ်မောင်းကြ ရန်နှင့် တံတားရေလမ်းကိုဖြတ်သန်းရာတွင် ရေယာဉ်နှစ်စင်း ယှဉ်ပြိုင်ခုတ်မောင်းခြင်းမပြုကြရန် အသိပေးထားပါတယ်။ အထူးသဖြင့် သယ်ဆောင်ဝန်နှင့်စက်အားကို ချင့်ချိန်တွက်ဆ၍ ဂရုပြုခုတ်မောင်းကြရန်၊ မနိုင်ဝန်ကိုသယ်ဆောင်ခြင်း မပြုကြရန်နှင့် မြစ်ကူးတံတားကြီးများကို ဖြတ်သန်းရာတွင် တွဲတစ်တွဲချင်းသာ ချိတ်ဆွဲဖြတ်သန်းရန် အသိပေးထားပါ တယ်။ ရာသီဥတုပြောင်းလဲမှုကြောင့် ရုတ်တရက်လေပြင်းတိုက်ခတ်မှုနှင့် မိုးမှောင်ကျမှုဖြစ်ပေါ်သည့်အခါ ရေယာဉ်များ အန္တရာယ်မဖြစ်စေရေးအတွက် သတိပြုခုတ်မောင်းကြရန်နှင့် လေပြင်းတိုက်ခတ်စဉ် ရေယာဉ်များလိုက်နာရမည့် ဥပဒေ၊ စည်းကမ်းချက်များအတိုင်း လိုက်နာကြရန် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရေလမ်း သတိပေးချက် ထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS-004)

27 May

ADVERTISE HERE .