“ယခုဘဏ္ဍာနှစ်တွင် နိုင်ငံတစ်ဝန်း၌ ငါးသားပေါက်အကောင် သိန်း ၃၈၀ ကျော် မျိုးစိုက်ထည့်ရန် လျာထား”
27 May
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုဘဏ္ဍာနှစ်တွင် နိုင်ငံ တစ်ဝန်း၌ ငါးသားပေါက်အကောင် သိန်း ၃၈၀ ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာန၊ မွေးမြူရေးဌာနခွဲမှ သိရပါတယ်။ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ငါးသယံဇာတများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်သူလူထုအတွက် သား၊ ငါး ပေါများစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်နှင့် ငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ နှစ်စဉ် မြစ်၊ ချောင်း၊ အင်း၊ အိုင် စတဲ့ သဘာဝရေပြင်များတွင် ငါးမျိုးစိုက်ထည့်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါတယ်။ မျိုးစိုက်ထည့်မယ့် ငါးအမျိုးအစားမှာ ငါးမြစ်ချင်း၊ ရွှေဝါ၊ ငါးကြင်းနဲ့ ငါးခုံးမကြီး စတဲ့ ငါးအမျိုးအစားများဖြစ်ပြီး ငါးမျိုးစိုက်ထည့်ခြင်းများကို ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ သံလွင်မြစ်နှင့် စစ်တောင်းမြစ်တို့၌ အဓိကဆောင်ရွက်ပြီး အခြား မြစ်၊ ချောင်း၊ အင်း၊ အိုင် အစရှိတဲ့ သဘာဝရေပြင်များမှာလည်း ငါးမျိုးများစိုက်ခြင်းလုပ်ငန်များကို ယခုနှစ်မှာလည်း ဆက်လက်၍ လုပ်ဆောင်လျက်ရှိပါတယ်။ ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ပြည်တွင်းရှိ ငါးလုပ်ငန်းစခန်းများ၌ ငါးမွေးမြူရေးလုပ်ငန်းကို စိတ်ပါဝင်စားသူများ၊ ငါးမွေးမြူရေးလုပ်ငန်းရှင်များနှင့် ငါးမွေးမြူသူများအတွက် အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်နည်း သင်တန်း များကိုလည်း နှစ်စဉ်ဖွင့်လှစ်ပို့ချပေးလျက်ရှိပါတယ်။ ထိုကဲ့သို့ဆောင်ရွက်ခြင်းဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ တစ်နိုင်တစ်ပိုင် ငါးမွေးမြူရေးလုပ်ငန်းများ ပိုမို လုပ်ကိုင်လာနိုင်ပြီး ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေရရှိစေသည့်အပြင် နိုင်ငံတော် အတွက်လည်း နိုင်ငံခြားဝင်ငွေရရှိစေရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်မှန်းထားကြောင်း သိရပါတယ်။ (NVS-004)