“ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါး ၆၉,၉၉၉ ဧက လျာထားစိုက်ပျိုးမည်”
27 May
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါး ၆၉,၉၉၉ ဧက လျာထား စိုက်ပျိုးသွားမယ်လို့ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ မိုးစပါးစိုက်တောင်သူများအနေနဲ့ မိုးစပါးများ သတ်မှတ်စိုက်ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် လာမယ့် ဇွန်လပထမပတ်တွင် စိုက်ပျိုးရေများပေးဝေသွားမှာဖြစ်ပြီး ဇူလိုင်လမှ စက်တင်ဘာလကုန်အထိ စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီမှာ မိုးစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန်စေရေးနှင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့်ပူးပေါင်းပြီး စိုက်ပျိုးရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စပါးကို အထွက်နှုန်းတိုးတက်ကောင်းမွန်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံစေရုံသာမက ပိုလျှံမှု ကိုပါ ရောင်းချနိုင်မှာဖြစ်ပြီး ဝင်ငွေတိုးပွားကာ တောင်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်လို့ စပါးတိုးချဲ့စိုက်ပျိုးနိုင်ရေး ဒေသမရွေးကြိုးပမ်းဆောင်ရွက်ရမယ်လို့ စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ (NVS-004)