“ဇွန်လ ၂ ရက်အထိ နိုင်ငံတစ်ဝန်း မိုးဆက်လက်ရွာသွန်းနိုင်”

27 May

နိုင်ငံတစ်ဝန်း ဇွန်လ ၂ ရက်အထိ မိုးဆက်လက်ရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက မေလ ၂၅ ရက် ညနေ ၆ နာရီက အသိပေးထုတ်ပြန်ထားပါတယ်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှာ လေထုမငြိမ်မသက်မှု ဖြစ်ပေါ်လာနိုင်ကာ မုတ်သုံလေ အားကောင်းနေခြင်း၊ အပူပျံတက်တိမ်ဖြစ်ထွန်းမှု အားကောင်းခြင်းတို့ကြောင့် မိုးထစ်ချုန်းရွာနိုင်ပါတယ်။ မိုးထစ်ချုန်း ရွာခြင်းနှင့်အတူ လေပြင်းတိုက်ခြင်း၊ မိုးထစ်ချုန်းကာ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များလည်း ဖြစ်ပေါ်နိုင်ကြောင်း သိရပါတယ်။ မိုးရွာသွန်းမှုအနေနဲ့ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးများနှင့် ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်များမှာ နေရာစိပ်စိပ်မှ နေရာအနှံ့အပြားမိုးထစ်ချုန်းရွာကာ တချို့ဒေသများမှာ နေရာကွက်၍ မိုးကြီးနိုင်ကြောင်းလည်း သိရပါတယ်။ ဒါကြောင့် ကုန်းမြင့်ဒေသအနီးမှာ နေထိုင်ကြသူတွေအနေနဲ့ မြေပြိုမှု အန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်တွေ အနီး နေထိုင်ကြသူများက ရေကြီး၊ ရေလျှံခြင်းကို ကြိုတင်သတိပြု ရှောင်ရှားနိုင်ရန် လိုအပ်ပြီး ပြည်တွင်း ရေကြောင်း သွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေနဲ့ ကြိုတင်သတိပြုနိုင်ရန်လိုကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။ (NVS 004)

27 May

ADVERTISE HERE .