ရီးရဲလ်မက်ဒရစ်အသင်း၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို တိုက်စစ်ကစားသမား အမ်ဘက်ပီ ဆွတ်ခူး
25 May၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို တိုက်စစ်ကစားသမား အမ်ဘက်ပီ က ရရှိခဲ့ကြောင်း သိရပါတယ်။ အမ်ဘက်ပီ ဟာ ပြီးခဲ့တဲ့ နွေရာသီကစားသမား အပြောင်းအရွှေ့ကာလက ပီအက်စ်ဂျီအသင်းမှ ရီးရဲလ် အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ရာသီအစပိုင်းမှာ ခြေစွမ်းပြသ နိုင်ခြင်း မရှိခဲ့လို့ ဝေဖန်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း နောက်ပိုင်းတွင် ခြေစွမ်းကောင်းတွေကို ပြန်လည်ပြသ နိုင်ခဲ့ပါတယ်။ အသင်းအတွက်အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်ပြီး ယခုနှစ်ဘောလုံး ရာသီတွင် ရီးရဲလ်အသင်းအနေဖြင့် ဆုဖလားလက်မဲ့ရာသီနဲ့ ကြုံတွေ့ရုန်းကန်ခဲ့ရသော်လည်း အမ်ဘက်ပီ က အသင်း နှင့်အတူ အကောင်းဆုံးခြေစွမ်းကို ပြသနိုင်ခဲ့ကာ သွင်းဂိုးများ သွင်းယူနိုင်ခဲ့ပြီး အသင်းသမိုင်း တစ်လျှောက်တွင်လည်း ပွဲဦးထွက်ဘောလုံးရာသီ သွင်းဂိုးအများဆုံး ကစားသမားအဖြစ်ပါ စံချိန်တင်နိုင်ခဲ့ပါတယ်။ အမ်ဘက်ပီ ဟာ ယခုနှစ်ဘောလုံးရာသီတွင် အသင်းနှင့်အတူ စပိန်လာလီဂါပြိုင်ပွဲတွင် ၃၄ ပွဲကစားကာ ၃၁ ဂိုးထိ သွင်းယူထားနိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ၅၆ ပွဲ ကစားခဲ့ရာ ၄၃ ဂိုးထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ငါးကြိမ်ထိ ပြုလုပ် နိုင်ခဲ့သဖြင့် သွင်းဂိုးအများဆုံး ကစားသမားဆုရရှိရန် အလားအလာကောင်းလျက်ရှိကြောင်း သိရပါတယ်။ (NVS 008)