“လာဇီယိုအသင်းနှင့် ပက်ဒရို တို့ စာချုပ်သစ်ချုပ်ဆိုဖွယ်ရှိနေ”
22 May
လာမယ့် ဇူလိုင်လထဲမှာ အသက် ၃၈ နှစ်ပြည့်တော့မယ် တိုက်စစ်မှူး ပက်ဒရို ဟာ လာဇီယိုအသင်းနဲ့ ၂၀၂၆ အထိ သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုဖို့အတွက် နီးစပ်နေပြီလို့ သိရပါတယ်။ စပိန်လက်ရွေးစင်ဟောင်း ပက်ဒရို ဟာ ၂၀၂၁ ခုနှစ်ကတည်းက လာဇီယိုအသင်းကို ရောက်ရှိနေတာဖြစ်ပြီး အသင်းနဲ့ ဘောလုံးရာသီ ၄ ခုအတွင်း ပြိုင်ပွဲစုံ ၁၇၅ ပွဲကစားပြီး ၃၄ ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။ အခုရာသီမှာလည်း ပြိုင်ပွဲစုံ ၄၁ ပွဲမှာ သွင်းဂိုး ၁၄ ဂိုးအထိ သွင်းယူပေးထားပြီး လာဇီယိုကစားသမားဘဝ သွင်းဂိုးအများဆုံး ရာသီတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့်လည်း လာဇီယိုအသင်းဟာ တိုက်စစ်မှာ အားကိုးနေရတဲ့ ပက်ဒရို ကို အခုလိုမျိုး စာချုပ်သစ်ချုပ်ဆိုဖို့ စီစဉ်ခဲ့တာဖြစ်ပြီး သတင်းတွေအရတော့ စာချုပ်သစ် အတွက် နှစ်ဖက်သဘောတူညီမှု ရရှိထားကာ လက်မှတ်ထိုးဖို့သာ ကျန်တော့တယ်လို့ သိရပါတယ်။ အခုရာသီအကုန် စာချုပ်ပြည့်ချိန်မှာ ကစားသမားဘဝက အနားယူဖို့ စဉ်းစားထားပေမယ့် လာဇီယိုအသင်း က စာချုပ်သစ်ကမ်းလှမ်းခဲ့တဲ့အတွက် အနားယူဖို့ကိုရွှေ့ဆိုင်းလိုက်ပြီး အသင်းမှာဆက်ကစားသွားဖို့ ပက်ဒရို က ဆုံးဖြတ် ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိမှာ တစ်နှစ်လုပ်အားခ ယူရို ၂ ဒသမ ၂ သန်းရနေတဲ့ ပက်ဒရို အနေနဲ့ ရာသီကုန်မှာ လာဇီယိုအသင်း ဥရောပပြိုင်ပွဲဝင်ခွင့်ရတဲ့ အခြေအနေပေါ်မူတည်ပြီး လစာအပြောင်းအလဲ ရှိနိုင်တယ်လို့ သိရပါတယ်။ (NVS 008)