“ရန်ကုန်မြို့၌ စိုက်ပျိုးရေရရှိရေးနှင့် သောက်သုံးရေအတွက် ငမိုးရိပ်ရေလှောင်တမံမှ ရေများကို နေ့စဉ်ပို့လွှတ်ပေးလျက် ရှိ”
21 May
နိုင်ငံတော်က စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်လျက်ရှိရာ နွေစပါးစိုက်ပျိုးရာသီ၌ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နွေစပါးခင်းများ ရာသီဥတုအထိအခိုက်မရှိဘဲ ရိတ်သိမ်းနိုင်ခဲ့ပြီး နွေစပါးစိုက်ပျိုး ရာသီတွင် ငမိုးရိပ်ရေလှောင်တမံမှ နွေစပါး ၃၅,၉၅၂ ဧကကို အောင်ရေပို့လွှတ်နိုင်ခဲ့သည့်အပြင် ရန်ကုန်မြို့ သောက်သုံး ရေအတွက်လည်း နေ့စဉ်ပို့လွှတ်ပေးလျက်ရှိကြောင်း သိရပါတယ်။ ၂၀၂၄-၂၀၂၅ ခုနှစ် နွေစပါးစိုက်ပျိုးရာသီ၌ ငမိုးရိပ်တမံမှ စိုက်ပျိုးရေပေးဝေရာတွင် ငမိုးရိပ်တူးမြောင်းများမှ ၂၂,၁၃၃ ဧက၊ ရေထိန်းတံခါးများမှ ဧက ၇,၂၅၀ နှင့် လျှပ်စစ်ရေတင်လုပ်ငန်းမှ ၆,၆၁၄ ဧကတို့ဖြင့် စုစုပေါင်း နွေစပါး စိုက်ခင်း ၃၅,၉၅၂ ဧကကို ရေပေးဝေနိုင်ခဲ့ပြီး ငမိုးရိပ်ရေလှောင်တမံမှ စိုက်ပျိုးရေသာမက ရန်ကုန်မြို့သောက်သုံး ရေအတွက် ညောင်နှစ်ပင် ရေသန့်စင်စက်ရုံနှင့် အောင်တံခွန်ရေသန့်စင်စက်ရုံတို့သို့ နွေရာသီတွင် ဂါလန်သန်း ၁၃၀ နှင့် မိုးရာသီ၌ ဂါလန်သန်း ၉ဝ ထောက်ပံ့ပေးလျက်ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နွေစပါးစိုက်ခင်းများသို့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်မှ ၂၀၂၅ ခုနှစ်၊ မေလ ၇ ရက်အထိ ငမိုးရိပ်တူးမြောင်းမကြီးမှ လက်တံမြောင်းများ၊ ငမိုးရိပ်လက်ဝဲ၊ လက်ယာမြောင်းမကြီးနှင့် လက်တံမြောင်း များမှ စိုက်ပျိုးရေများ ပို့လွှတ်ပေးခဲ့ပြီး ရေများဆုံးရှုံးမှုနည်းပါးစေရန် ရေအသုံးချသူများအဖွဲ့ Water User Group များနှင့် လက်တွဲဆောင်ရွက်ခဲ့ပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေနှင့် သောက်သုံးရေ လုံလောက်စွာရရှိစေရန် မိုးရာသီကုန်ခါနီးတွင် ငမိုးရိပ်ရေပိုလွှဲ၌ Shutter များထောင်ခြင်း၊ မဟူရာနှင့် ပေါင်းလင်းတမံ ရေပိုလွှဲများတွင် သဲအိတ်များကာရံ၍ ရေပိုမို သိုလှောင်နိုင်ရန် စီမံဆောင်ရွက်လေ့ရှိပါတယ်။ ငမိုးရိပ်ရေလှောင်တမံသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ဖောင်ကြီးကျေးရွာအနီး နှစ်မိုင်ခန့်အကွာ မှာ တည်ရှိပြီး တမံအလျားပေ ၁၅,၅၀၀၊ တမံအမြင့် ၇၅ ပေဖြင့် ဧကပေ ၁၈၀,၀၀၀ ကန်ရေပြည့်သိုလှောင်နိုင်သော ရေထုတ်ပြွန်အမျိုးအစား၊ သံကူကွန်ကရစ်ဖြင့် ဆည်ရေသောက် ဧရိယာ ၃၃,၈၅၂ ဧကအား အကျိုးပြုရေပို့လွှတ်နိုင်သော တမံကြီး တစ်ခုဖြစ်ပါတယ်။ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နွေစပါးခင်းများနှင့် မြို့ပြသောက်သုံးရေအတွက် လှည်းကူးမြို့နယ်ရှိ ငမိုးရိပ်ရေလှောင်တမံ (မဟူရာရေကူတမံ+ပေါင်းလင်းရေကူတမံ)၊ လဂွမ်းပြင်ရေလှောင်တမံ၊ ကလီထော်ရေလှောင်တမံနှင့် တိုက်ကြီးမြို့နယ်ရှိ တဘူးလှရေလှောင်တမံတို့မှ ဆည်ရေ များကိုပို့လွှတ်၍ တောင်သူများလိုအပ်သော စိုက်ပျိုးရေများကို ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)