“ငလျင်ဘေးသင့်၍ နေထိုင်ရန်ခက်ခဲနေသော ဝန်ထမ်းများအတွက် ယာယီနေထိုင်ရန် Container House အလုံး ၁၅၀ တပ်ဆင်တည်ဆောက်”

21 May

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုဖြင့် ငလျင်ဘေး ကယ်ဆယ်ရေးနှင့် ကူညီရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိပြီး ငလျင်ဘေးကြောင့် နေထိုင်ရန်အခက်အခဲရှိသော မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီဝန်ထမ်းများအတွက် ယာယီနေထိုင်ရန် တရုတ်နိုင်ငံမှ လှူဒါန်းသော Container House အလုံး ၁၅၀ ကို တပ်ဆင်တည်ဆောက်နေကြောင်း သိရပါတယ်။ Container House များကိုတည်ဆောက်ရာတွင် ၃၅ လမ်း နှင့် ၃၆ လမ်းကြား၊ ၆၆ လမ်းအရှေ့ဘက်တွင် အရာထမ်းများအတွက် ၆၄ လုံး၊ လမ်းအနောက်ဘက်တွင် အမှုထမ်းများအတွက် ၈၆ လုံး စုစုပေါင်းအလုံး ၁၅ဝ တပ်ဆင် တည်ဆောက်ပေးသွားမှာဖြစ်ပြီး အဆောက်အအုံများကြား သွားလာနိုင်ရန်အတွက်လည်း လမ်းများဖောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ Container တစ်လုံးလျှင် အလျား ပေ၂၀၊ အနံ ၁၀ ပေ၊ အမြင့် ၈ ပေခွဲခန့် ရှိပါတယ်။ လက်ရှိမှာ Container House များကို ၆၆ လမ်း၊ ၃၅ လမ်းနှင့် ၃၆ လမ်းတွင် နေရာချထားပေးပြီး မြေညှိခြင်းနှင့် တပ်ဆင်တည်ဆောက်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မေလ ၂၀ ရက်အထိ Container House အလုံး ၂၀ တပ်ဆင်တည်ဆောက်ပြီးစီးပြီဖြစ်ပါတယ်။ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုဖြင့် ငလျင်ဒဏ် သင့်အဆောက်အအုံများ ရှင်းလင်းဖယ်ရှားရေး၊ ငလျင်ဘေးကြောင့် နေထိုင်ရန်အခက်အခဲရှိသူများအား ယာယီ အဆောက်အအုံများ တည်ဆောက်နေရာချထားရေး၊ သောက်သုံးရေရရှိရေးနှင့် သန့်ရှင်းရေး တို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

21 May

ADVERTISE HERE .