“တရုတ်က ပဉ္စမမျိုးဆက်တိုက်လေယာဉ်များကို ထောက်လှမ်းရှာဖွေရန် အသုံးပြုမည့် JY-27V ရေဒါအသစ်ကို ထုတ်ဖော်ပြသ”
21 May
တရုတ်တပ်မတော်က အမေရိကန်၏ F-22 နှင့် F-35 တို့ကဲ့သို့သော ပဉ္စမမျိုးဆက် ကိုယ်ပျောက် တိုက်လေယာဉ်များကို ထောက်လှမ်းရှာဖွေရန် အသုံးပြုသွားမည့် JY-27V ရေဒါအသစ်ကို ထုတ်ဖော် ပြသလိုက် ကြောင်း သိရသည်။ JY-27V ရေဒါကို လှုပ်ရှားသွားလာမှုအတွက် စစ်သုံးယာဉ်ထရပ်ကားပေါ်တင်ဆောင်နိုင်ပြီး ကြိမ်နှုန်းအလွန်မြင့်ရေဒီယိုလှိုင်းနှုန်းများဖြင့် အလုပ်လုပ်ခြင်းဖြစ်ကာ သာမန်ရေဒါများဖြင့် ဖမ်းယူနိုင်ခြင်းမရှိသော ကိုယ်ပျောက်ပစ်မှတ်များကို တိကျစွာထောက်လှမ်းနိုင်သည့်အပြင် တိကျစွာ တိုက်ခိုက်နိုင်ရေးအတွက် လေကြောင်း ရန် ကာကွယ်ရေးတပ်ဖွဲ့ကို လမ်းညွှန်မှုပေးနိုင်ကြောင်း ထိုရေဒါကို ထုတ်လုပ်သည့် တရုတ်နိုင်ငံပိုင် CETC ကုမ္ပဏီ က ထုတ်ပြန်ထားသည်။ ရေဒါတွင်တပ်ဆင်ထားသည့် အင်တာနာကို အချိန်တိုအတွင်း ဖြန့်နိုင်မည်ဖြစ်သောကြောင့် မိနစ်ပိုင်း အတွင်းမှာပင် ရေဒါလုပ်ငန်းကို စတင်နိုင်မည်ဖြစ်ကြောင်းနှင့် အခြားနေရာသို့ရွှေ့ပြောင်းနေရာချနိုင်ရေးအတွက် အင်တာနာကိုပြန်လည်ခေါက်သိမ်းနိုင်ကြောင်း ဆင်ဟွာသတင်းဌာန က ဖော်ပြထားသည်။ ရေဒါကို ခေါက်သိမ်း ခြင်းနှင့်ပြန်ဖြန့်ခြင်းစသည့်တို့ကို လုပ်ဆောင်ရာတွင် ညင်သာချောမွေ့မှုလည်းရှိကြောင်း CETC ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ CETC ၏ သိပ္ပံပညာရှင်တစ်ဦးက အင်တာနာ၏ အချင်းကြီးမားလေ ထောက်လှမ်းနိုင်မှုအကွာအဝေးပိုမိုများပြားလေဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါရေဒါကို အန်းဟွေပြည်နယ် ဟီဖေးမြို့၌ မေလ ၁၇ ရက်မှ ၁၉ ရက် အထိကျင်းပသော ရေဒါပြပွဲတစ်ခုတွင် ထုတ်ဖော်ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။