“ရုရှားအပေါ်ပိတ်ဆို့မှုများက စိတ်ကူးကောင်းမဟုတ်ဟုထရမ့်ပြော”
21 May
ရုရှားအပေါ်ပိတ်ဆို့မှုများချမှတ်ခြင်းက စိတ်ကူးကောင်းမဟုတ်ကြောင်း၊ မည်သည့်အတွက်ကြောင့် ဆိုသော် ရုရှားအနေဖြင့် ယူကရိန်းနှင့်ငြိမ်းချမ်းရေးရယူလိုသည့်အတွက် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် က ဥရောပခေါင်းဆောင်များနှင့်ယူကရိန်းသမ္မတတို့ကို ပြောသည်။ ထရမ့်သည် မေလ ၁၉ ရက်တွင် ရုရှား သမ္မတ ဗလာဒီမာပူတင်နှင့် နှစ်နာရီကြာ ဖုန်းပြောပြီးနောက် ရုရှားအပေါ်ပိတ်ဆို့မှုများ ထပ်မံချမှတ်လိုက်သည့် ဥရောပနိုင်ငံများကို ယခုကဲ့သို့ပြောလိုက်ခြင်း ဖြစ်သည်။ သမ္မတနှစ်ဦးကြား ဖုန်းပြောမှုတွင် အခြားသောအရာများထက် ယူကရိန်းပဋိပက္ခ ပြေလည်ရေးကို ဦးစားပေးဆွေးနွေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ထားသည်။ တစ်ချိန်တည်းမှာပင် အမေရိကန် က ငြိမ်းချမ်းရေးလိုချင်နေသလောက် ဥရောပရှိနိုင်ငံအချို့က စစ်ဖြစ်ပွားရေးကိုသာ အလိုရှိနေကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က သမ္မတနှစ်ဦးကြား ဖုန်းပြောပြီးနောက် ထုတ်ပြန်ထားသည်ဟု Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။