“ငွေကြေးအရင်းအနှီးလိုအပ်နေတဲ့ ဆီစက်လုပ်ငန်းများကို အတိုးနှုန်းသက်သာစွာနဲ့ချေးငွေများထုတ်ချေးပေးမည်”
19 May
ဆီစက်များအား အဆင့်မြင့်စက်ပစ္စည်းတိုးချဲ့တပ်ဆင်ခြင်း၊ ခေတ်မီစက်အသစ်များ ထပ်မံတည်ဆောက်ခြင်း များအပြင် လုပ်ငန်းသုံးရင်းနှီးငွေလိုအပ်နေတဲ့ ပြည်တွင်းရှိ ဆီစက်လုပ်ငန်းရှင်များကို ချေးငွေများထုတ်ချေးပေးသွား မည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ချေးငွေများအား အတိုးနှုန်းသက်သာစွာနဲ့ အနည်းဆုံး ကျပ်သိန်း ၁၀၀ မှ အများဆုံးကျပ်သိန်း ၅,၀၀၀ အထိ ထုတ်ချေးသွားမည်ဖြစ်ကြောင်း ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ စီမံခန့်ခွဲမှု လုပ်ငန်းအဖွဲ့က အသိပေးကြေညာထားပါတယ်။ ထုတ်ပြန်ချက်အရ လုပ်ငန်းသုံးလှည့်ပတ်ရင်းနှီးငွေ (Working Capital) အတွက် ချေးငွေရယူလိုသော ဆီစက်လုပ်ငန်းများအနေဖြင့် တစ်နှစ်အတိုးနှုန်း ၅ ရာခိုင်နှုန်းသတ်မှတ်ထား ပြီး ပြန်ဆပ်ရမည့် သက်တမ်းကာလ ၁ နှစ် သတ်မှတ်ထားတဲ့ ချေးငွေအနည်းဆုံး ကျပ်သိန်း ၁၀၀ မှ အများဆုံး ကျပ်သိန်း ၅,၀၀၀ အထိ ထုတ်ချေးနိုင်မှာဖြစ်ပါတယ်။ အလားတူ မတည်ရင်းနှီးငွေ (Fixed Capital) အတွက် ချေးငွေရယူလိုသော လုပ်ငန်းရှင်များအနေနဲ့ တစ်နှစ် အတိုးနှုန်း ၅ ရာခိုင်နှုန်းသတ်မှတ်ထားပြီး ပြန်ဆပ်ရမည့် သက်တမ်းကာလ ၃ နှစ်ကို ၃ ရစ်သတ်မှတ်ထားတဲ့ ချေးငွေအနည်းဆုံး ကျပ်သိန်း ၂၀၀ မှ အများဆုံး ကျပ်သိန်း ၅,၀၀၀ အထိ ထုတ်ချေးနိုင်မှာ ဖြစ်သလို ကျပ်သိန်း ၅,၀၀၀ အထက်ချေးငွေရယူလိုသော ဆီစက်လုပ်ငန်းရှင်များအနေနဲ့ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးရေး ချေးငွေစီမံခန့်ခွဲမှုလုပ်ငန်း အဖွဲ့၊ အတွင်းရေးမှူးရုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ရုံးချုပ်)သို့ တိုက်ရိုက်ပေးပို့လျှောက်ထားရမည်ဖြစ်ကြောင်း သိရပါတယ်။ ချေးငွေများကို ထုတ်ယူလိုတဲ့ ဆီစက်လုပ်ငန်းများအနေနဲ့ လက်ရှိလုပ်ငန်းလည်ပတ်လုပ်ကိုင်နေသော ဆီစက်ဖြစ်ရမှာဖြစ်ပြီး လုပ်ငန်းအမည်ပေါက် လိုင်စင်(သက်တမ်းရှိ)ရှိရမည်ဖြစ်ကာ ချေးငွေအတွက် အာမခံအဖြစ် အမည်ပေါက်ပိုင်ဆိုင်သော မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းများနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ပေးအပ် နိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များမှာ လက်ရှိချေးငွေရယူထားသူများအနေနဲ့ ဆီစက်ဖွံ့ဖြိုးရေး ချေးငွေရယူလိုပါက သီးခြားအာမခံ တင်သွင်းနိုင်မှသာ လျှောက်ထားရမည်ဖြစ်ပြီး FDA လက်မှတ်ရရှိပြီးသူ၊ အသေးစားစက်မှုလုပ်ငန်း မှတ်ပုံတင်လက်မှတ်ရရှိပြီးသူ၊ သက်ဆိုင်ရာဒေသရှိ ဆီစက်ပိုင်ရှင်များအသင်း၊ ဆီကုန်သည် နှင့် ဆီစက်လုပ်ငန်းရှင်များအသင်းဝင် ဆီစက်လုပ်ငန်းရှင်များအား ဦးစားပေးသွားမယ်လို့ သိရပါတယ်။ ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေ လျှောက်ထားရယူလိုသော ဆီစက်လုပ်ငန်းရှင်များသည် ပြည်ထောင်စု နယ်မြေနေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆီစက်ပိုင်ရှင်များအသင်းရုံးများအားလုံး၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းရုံးများအားလုံး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ရုံးခွဲများအားလုံး၊ မြန်မာ့စီးပွားရေးဘဏ်ခွဲများအားလုံး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအားလုံးတွင် လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရပါတယ်။ ထို့အပြင် ဆီစက်ချေးငွေ အဆိုပြုလွှာပုံစံများအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန website www. mopf.gov.mm၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန website https://msmewebportal.gov.mm/၊ မြန်မာဆီစက်ပိုင်ရှင်များအသင်း website http://www.meoma.org၊ မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီစက်လုပ်ငန်း ရှင်များအသင်း website http://meoda.myanmarwebtraining.com၊ MEB website www.meb.gov.mm၊ MADB website www.madb. gov.mm တို့မှာ download ရယူနိုင်ကြောင်း သိရပါတယ်။ (NVS 004)