“ရှေးဟောင်းအဆောက်အဦများကို အဆင့်လိုက်ခွဲခြားသတ်မှတ်၍ ပြုပြင်ထိန်းသိမ်းရေးများ ဆောင်ရွက်မည်”
19 May
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ ရှေးဟောင်းအဆောက်အအုံများအနက် အဆောက်အဦ များအား စိစစ်ခွဲခြား၍ ဦးစားပေးဆောင်ရွက်ရမည့် အဆောက်အဦများရဲ့ ပျက်စီးမှုအလိုက် အဆင့်များသတ်မှတ်ကာ ပြုပြင်ထိန်းသိမ်းရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနကနေ သိရပါတယ်။ မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ရှေးဟောင်းအဆောက်အအုံများအား အဆင့်လိုက် ခွဲခြား သတ်မှတ်ထားကာ ပထမဦးစားပေးအနေဖြင့် ရှေးဟောင်းအဆောက်အအုံ ၁,၇၅၂ ခုကို ယဉ်ကျေးမှုအမွေအနှစ် တန်ဖိုးကြီးမားသော ရှေးဟောင်းအဆောက်အအုံအဖြစ်လည်းကောင်း၊ ဒုတိယဦးစားပေးအနေဖြင့် တစ်ပိုင်းတစ်စ ပျက်စီး၍ မူလလက်ရာကျန်ရှိမှုနည်းသော အဆောက်အအုံများအဖြစ်လည်းကောင်း၊ တတိယဦးစားပေးအနေဖြင့် အောက်ခြေပန္နက်မှလွဲ၍ ကျန်အစိတ်အပိုင်းများသည် အသစ်နီးပါး ပြန်လည်ပြုပြင်ထားသည့် အဆောက်အအုံများ အဖြစ်လည်းကောင်း စသဖြင့် ခွဲခြားသတ်မှတ်ထားကြောင်း သိရပါတယ်။ လက်ရှိမှာ ရှေးဟောင်းအဆောက်အအုံများနှင့်ယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ထူထောင်ရေးနှင့် ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများအား သမိုင်းပညာရှင်များ၊ ရှေးဟောင်းသုတေသနပညာရှင်များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း၊ မြန်မာနိုင်ငံဗိသုကာပညာရှင်များအသင်း၊ မြန်မာနိုင်ငံငလျင်အသင်းတို့၏ အကြံပြုချက်များရယူပြီး ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုများဖြင့် ရေရှည်တည်တံ့အောင် နည်းစနစ်မှန်ကန်စွာ ပြုပြင်ထိန်းသိမ်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ( NVS 004)