ရွှေမင်းသားဖောင်ဒေးရှင်းက ငလျင်ဒဏ်ခံခဲ့ရသည့် မသန်စွမ်းသူဦးရေ ၈၀၀ ကျော်အတွက် အထောက်အကူပြု ပစ္စည်းများထောက်ပံ့
15 May
ငလျင်ဒဏ်ထိခိုက်ခံစားခဲ့ရသည့် မသန်စွမ်းသူဦးရေ ၈၅၀ အတွက် ကမုတ်ခုံနှင့် ဂျိုင်းထောက်အပါအဝင် အခြား အထောက်အကူပြု ပစ္စည်းကိရိယာများအပြင် မသန်စွမ်းသူများ၏ မိသားစုဝင်များအပါအဝင် အခြားငလျင်ဒဏ်သင့် ပြည်သူများအတွက် အခြေခံစားသောက်ကုန်များကိုလည်း ရွှေမင်းသားဖောင်ဒေးရှင်းက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရပါတယ်။ မသန်စွမ်းသူများအတွက် အခြေခံစားနပ်ရိက္ခာများ၊ တစ်ကိုယ်ရေသုံး သန့်ရှင်းရေးပစ္စည်းများ၊ ဆေးဝါးများ၊ အထောက်အကူပြု ပစ္စည်းကိရိယာများ၊ ဆေးဝါးကုသမှုများနှင့် ပြိုပျက်ခဲ့သောအိမ်များ ပြုပြင်ပေးသွားနိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ရွှေမင်းသားဖောင်ဒေးရှင်းအနေနဲ့ မသန်စွမ်းသူများအတွက် အလေးထားဆောင်ရွက်နေသည့် အဖွဲ့အစည်း ဖြစ်သော်လည်း လက်ရှိဖြစ်ပေါ်ခဲ့သောငလျင်ဘေးတွင် မသန်စွမ်းအိမ်ထောင်စုများအပါအဝင် ငလျင်ဘေးဒဏ် ခံစား ခဲ့ကြရသည့် ဒေသအသီးသီးရှိ အခြားသောအိမ်ထောင်စုများထံသို့ သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခြင်းနှင့် အခြေခံစားနပ်ရိက္ခာများ၊ ဆေးဝါးများ၊ အရေးပေါ် မိသားစုအသုံးအဆောင်ပစ္စည်းများအား ထောက်ပံ့ပေးခြင်းနှင့် ကယ်ဆယ်ရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများထံ ကယ်ဆယ်ရေးပစ္စည်းများ ပံ့ပိုးပေးခြင်းတို့ကို ဆောင်ရွက်လျက် ရှိပါတယ်။ ငလျင်ဒဏ်ကြောင့် နေအိမ်ပျက်စီးဆုံးရှုံးသွားသော အိမ်ထောင်စုများ ယာယီနေထိုင်ရန်အတွက် မိုးလုံလေလုံ ယာယီတဲများနှင့် သန့်စင်ခန်းအသုံးပြုနိုင်ရန်အတွက် Mobile Toilet များကို ပံ့ပိုးပေးခြင်း၊ ငလျင်ဘေးကြောင့် ကိုယ်လက်အင်္ဂါ ထိခိုက်ဆုံးရှုံးသွားသော အိမ်ထောင်စုဝင်များအတွက် အထောက်အကူပြုပစ္စည်းများ ပံ့ပိုးပေးခြင်းတို့ကို ဆက်လက် ဆောင်ရွက်သွားရန်ရှိကြောင်းလည်း သိရပါတယ်။ ရွှေမင်းသားဖောင်ဒေးရှင်း၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများသို့ ပါဝင်လှူဒါန်းလိုပါက KBZPay App ၏ Donation (အလှူဒါန)နှင့် https://kbzpay.co/4hXE C9B မှတစ်ဆင့်လည်း တိုက်ရိုက်ပါဝင် လှုဒါန်းကူညီနိုင်ကြောင်း အသိပေးထားပါတယ်။(NVS 004)