“ကျောက္ကာရွှေဂူနီ ဘုရားအနေကဇာတင်ခြင်းနှင့် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပမည်”
14 May
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျောက္ကာရွှေဂူနီဘုရား အနေကဇာတင်နှင့် ဗုဒ္ဓပူဇနိယပွဲတော်ကို မေလ ၁၉ ရက်(ကဆုန်လပြည့်ကျော် ၈ ရက်)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကျောက္ကာရွှေဂူနီဘုရားဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှ သိရပါတယ်။ ကျောက္ကာရွှေဂူနီဘုရားသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကျောက္ကာရွာတွင်တည်ရှိသည့် သမိုင်းဝင် ရုပ်ပွားတော်တစ်ဆူဖြစ်ပြီး ကျောက္ကာရွာသည် မုံရွာမြို့၏ အရှေ့ဘက် ၁၀ မိုင်အကွာတွင် တည်ရှိပါတယ်။ ကျောက္ကာ ရွှေဂူနီဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသော်လည်း ကိုဗစ်-၁၉ ရောဂါ ဖြစ်ပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ခန့်မှစတင်ကာ လက်ရှိအချိန်ထိ ဗုဒ္ဓပူဇနိယပွဲတော်ကို ယခင်ကာလများကဲ့သို့ ပွဲလမ်း သဘင်များဖြင့် ထည့်သွင်းကျင်းပခြင်းမရှိတော့ဘဲ ဗုဒ္ဓပူဇာအဖြစ် အနေကဇာတင်အခမ်းအနား ကျင်းပခြင်းနှင့် သံဃာပူဇာ အဖြစ် ပင့်သံဃာတော်များအား အရုဏ်ဆွမ်းကပ်လှူခြင်းကိုသာ အစဉ်အလာမပျက် ဆောင်ရွက်လျက်ရှိပါတယ်။ ကျောက္ကာရွှေဂူနီဘုရားစေတီတော်နှင့် ကျောက္ကာရွှေဂူနီရုပ်ပွားတော်ကို နေ့စဉ်နံနက် ၆ နာရီမှ ၁၁ နာရီထိ အဖူးမြော်ခံနိုင်ရန် ဖွင့်လှစ်ထားပြီး အခါကြီးရက်ကြီးနှင့် ဥပုသ်နေ့များမှာတော့ နံနက် ၆ နာရီမှ ညနေ ၄ နာရီထိ ဖွင့်လှစ်ပေးထားပါတယ်။ ကျောက္ကာရွှေဂူနီရုပ်ပွားတော်မြတ်ကြီးသို့ ဘုရားဖူးများကိုယ်တိုင် ရွှေချကုသိုလ်ယူနိုင်ရန် ဂေါပကအဖွဲ့က ရွှေဆိုင်းတစ်ချပ်လျှင် ငွေကျပ် ၂,၀၀၀ နှုန်းဖြင့် ရောင်းချပေးလျက်ရှိနေပါတယ်။ (NVS-004)