“သဘာဝဘေးအန္တရာယ်များနှင့် ကူးစက်ရောဂါများအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်”

14 May

မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော ကူးစက်ရောဂါများနှင့် ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ များအတွက် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေလ ၁၃ ရက်က ကျန်းမာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၄) နေပြည်တော်၌ Semi-virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အစည်းအဝေးသို့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် ဦးစီးဌာန အသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများက တက်ရောက်ခဲ့ကြပါ တယ်။ ‌ပြည်ထောင်စုဝန်ကြီးက မကြာမီတွင် မိုးရာသီကာလသို့ရောက်ရှိမှာပြီး ငလျင်ကြီးကြောင့် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုများ ဖြစ်ပေါ်နိုင်ကြောင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ကူးစက်ရောဂါများဖြစ်ပွားလာပါကလည်း ထိရောက်စွာထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို စောစီးစွာဆောင်ရွက်ထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ရောဂါဖြစ်ပွားမှုအား အလျင်အမြန်သိရှိပါက တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ကူးစက်ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ၊ ရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်ငန်းများ၊ ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများ၊ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ၊ ပိုးလောက်လမ်း နှိမ်နင်းခြင်းလုပ်ငန်းများ၊ ယာယီစခန်း စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ရောဂါဖြစ်ပွားမှုရှိပါက ထိရောက်စွာကုသမှုပေးရေးနှင့် ဆေးနှင့်ဆေးပစ္စည်းများကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် စီမံခန့်ခွဲမှုများကို ဆက်လက်အားဖြည့်ကာ အလေးပေးဆောင်ရွက်ကြရန် မှာကြားခဲ့ပါတယ်။ ဆေးနှင့်ဆေးပစ္စည်းများကို ကြိုတင်စုဆောင်းထားရှိခြင်းနှင့် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်၍ သဏ္ဌာန်တူလေ့ကျင့်ခြင်းတို့ကို ဆောင်ရွက်ထားရှိစေလိုကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဒုတိယဝန်ကြီး ပါမောက္ခဒေါက်တာ အေးထွန်း က ဆက်လက်ဆောင်ရွက်ရန်လုပ်ငန်းများကို မှာကြားခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန သဘာဝဘေးနှင့်ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ တုံ့ပြန် ဆောင်ရွက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက လက်ရှိဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊ ဆက်လက် ဆောင်ရွက်မည့် ကြိုတင်ပြင်ဆင်မှုများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကျန်းမာရေးကဏ္ဍဆောင်ရွက်ထားရှိမှုနှင့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ (NVS-004)

14 May

ADVERTISE HERE .