"ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့တဲ့ ဆွမ်းဦးပုညရှင်စေတီတော်ရှင်းလင်းမှုများ ဆောင်ရွက်လျက်ရှိ"
13 May
မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ စစ်ကိုင်းတောင်ရိုးပေါ်ရှိ ဆွမ်းဦးပုညရှင်စေတီတော်တွင် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၆၀ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ကြောင်း ဆွမ်းဦးပုညရှင်စေတီတော် ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးကျော်လှ က ပြောကြားခဲ့ပါတယ်။ ဆွမ်းဦးပုညရှင်စေတီတော်ရဲ့ အရပ်လေးမျက်နှာရှိ အာရုံခံတန်ဆောင်းများ၊ အရှေ့ဘက်၊ တောင်ဘက်နဲ့ မြောက်ဘက်အာရုံခံတန်ဆောင်းများအတွင်း ကိန်းဝပ်စံပယ်တော်မူတဲ့ ဗုဒ္ဓရုပ်ပွားတော်များ ထိခိုက်ပြိုကျပျက်စီးခဲ့ပြီး စေတီတော်မှာလည်း ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။ အပျက်အစီး ရှင်းလင်းရေးလုပ်ငန်းတွေကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပရဟိတအသင်းအဖွဲ့တွေက ပူး ပေါင်းဆောင်ရွက်နေပြီး ဧရာဝတီဖောင်ဒေးရှင်းကလည်း စက်အင်အား၊ လူအင်အားတွေနဲ့ ကူညီပံ့ပိုးပေးလျက်ရှိပါတယ်။ ပြန်လည်ပြုပြင်တည်ဆောက်ရေးနဲ့ပတ်သက်လို့က ရှင်းလင်းရေးလုပ်ငန်းတွေအားလုံး ပြီးစီးသွားမှသာ ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားမယ်လို့ ဦးကျော်လှ က ပြောကြားခဲ့ပါတယ်။ မတ်လ ၂၈ ရက်က မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် စစ်ကိုင်းတောင်ရိုးရှိ ဘုရားစေတီပုထိုးများ၊ ဘုန်းတော်ကြီးများ၊ သီလရှင်ကျောင်းများ အများအပြား ထိခိုက်ပြိုကျ ပျက်စီးခဲ့ရပြီး ပြန်လည်ထူထောင်ရေးအတွက် အလှူရှင်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။ (NVS 004)