“ကလော-ရွှေညောင် ရထားလမ်းပိုင်းမှာ ရှေးဟောင်းရေနွေးငွေ့သုံးစက်ခေါင်းမီးရထား ပြန်လည်ပြေးဆွဲသွားမည်”
12 May
ကျောက်မီးသွေးနဲ့ အသုံးပြုရတဲ့ ရှေးဟောင်း ရေနွေးငွေ့စက်ခေါင်းမီးရထားကို မိုင် ၇၀ ခန့်သာရှိသော ကလော-ရွှေညောင် ရထားလမ်းပိုင်းမှာ ပြန်လည်ပြေးဆွဲသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါခရီးစဥ်ဟာ အချိန် ၃ နာရီကြာမြင့်မှာဖြစ်သလို ကျောက်မီးသွေးတန်ချိန် ၃ တန်ခွဲ ကုန်ကျမည်ဖြစ်ကြောင်း သိရပါတယ်။ အခုလို ပြေးဆွဲနိုင်ရန်အတွက် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောဘူတာရှိ ရေနွေးငွေ့စက်ခေါင်းသုံး ရှေးဟောင်းမီးရထားကို အတွင်းပိုင်း သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် မီးရထားအမြင်တင့်တယ်စေရန်အတွက် ဆေးသုတ်ခြင်း များ ပြန်လည်လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ လက်ရှိမှာ ရထားပြန်လည်ပြေးဆွဲရန်အတွက် ကလောချောင်း ရေထိန်းနံရံများ တည်ဆောက်ခြင်း၊ ဘူတာရှေ့ရှိ သစ်ပင်သစ်ငုတ်များ ဖယ်ရှားရှင်းလင်းခြင်းနှင့် ဘူတာရှေ့နေရာ၌ ကတ္တရာလမ်းခင်းခြင်း စသည့် လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပါတယ်။ အဆိုပါ မီးရထားရှိသော ကလောဘူတာရုံက နှစ်ပေါင်းတစ်ရာခန့်ရှိနေပြီဖြစ်ပြီး ဘူတာရုံ အတွင်းမှာ သမိုင်းဝင်ဓာတ်ပုံများ ပြသထားကြောင်းလည်း သိရပါတယ်။ (NVS 004)