ဆုဖလားလက်မဲ့ရာသီနှင့် ကြုံတွေ့နေတဲ့ အယ်လ်နာဆာအသင်းက နည်းပြအပြောင်းအလဲလုပ်ရန် ပြင်ဆင်

04 May

ဆော်ဒီထိပ်တန်းကလပ် အယ်လ်နာဆာအသင်းက လက်ရှိဘောလုံးရာသီမှာ ဆုဖလားလက်မဲ့ရာသီနဲ့ ကြုံတွေ့ရန် နီးစပ်နေတဲ့အတွက် ရာသီအကုန်တွင် နည်းပြအပြောင်းအလဲ လုပ်ဆောင်ရန် ပြင်ဆင်လျက ရှိကြောင်း သိရပါတယ်။ အယ်လ်နာဆာအသင်းက ဆုဖလားအောင်မြင်မှုများနှင့် ဝေးကွာနေခဲ့လို့ ဥရောပထိပ်တန်း နည်းပြတစ်ဦးဖြစ်တဲ့ ပီအိုလီ ကို ယခုနှစ်ဘောလုံးရာသီတွင် ခန့်အပ်ခဲ့သော်လည်း အသင်းအနေဖြင့် ရလဒ်များမတည်မငြိမ် ဖြစ်ခဲ့ပြီးနောက် ဆုဖလားလက်မဲ့ရာသီနှင့် ထပ်မံတွေ့ကြုံရန် နီးစပ်နေခြင်းဖြစ်ပါတယ်။ ယခုနှစ်ဘောလုံးရာသီတွင် အယ်လ်နာဆာအသင်းအနေနဲ့ အာရှချန်ပီယံလိဂ်ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်မှ ထွက်ခွာခဲ့ရသကဲ့သို့ ဆော်ဒီပရိုလိဂ်ပြိုင်ပွဲတွင်လည်း ၂၉ ပွဲကစားပြီးချိန်တွင် ၁၈ ပွဲသာ အနိုင်ရရှိခဲ့ပြီး ခြောက်ပွဲသရေ ရလဒ်နှင့် ငါးပွဲရှုံးနိမ့်ခဲ့ကာ ရမှတ် ၆၀ ဖြင့် အမှတ်ပေးဇယား အဆင့်(၃)နေရာတွင်သာ ရပ်တည်လျက်ရှိပါတယ်။ အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်လျက်ရှိတဲ့ အယ်လ်အီတီဟတ်အသင်းနဲ့ ရှစ်မှတ်ထိ ကွာဟနေခဲ့လို့ ချန်ပီယံဆု မျှော်လင့်ချက်မှာ နည်းပါးနေခြင်း ဖြစ်ပါတယ်။ အယ်လ်နာဆာအသင်းဟာ အောင်မြင်မှုများ ပြန်လည်ရယူနိုင်ရန်အတွက် ဥရောပတွင် ကစားနေသည့် ထိပ်တန်းကစားသမားများဖြစ်တဲ့ စီရော်နယ်ဒို အပါအဝင် လာပေါ်တီ၊ ဘရိုဇိုဗစ်ချ်၊ မာနေး၊ ဒူရမ် အစရှိသည့် ကစားသမားများကို ခေါ်ယူခဲ့သော်လည်း အသင်းအနေဖြင့် ယခုနှစ်ဘောလုံးရာသီတွင်ပါ ဆုဖလားလက်မဲ့ရာသီနှင့် ကြုံတွေ့ရန် နီးစပ်နေခြင်းဖြစ်ပါတယ်။ လက်ရှိနည်းပြ ပီအိုလီ နဲ့ အယ်လ်နာဆာအသင်းတို့ရဲ့ စာချုပ်သက်တမ်းမှာ လာမည့် ၂၀၂၇ ခုနှစ်မှသာ ကုန်ဆုံးမှာဖြစ်သော်လည်း အယ်လ်နာဆာအသင်းက ယခုနှစ် ဘောလုံးရာသီအကုန်တွင် ရာထူးမှထုတ်ပယ်ရန် ပြင်ဆင် လျက်ရှိကြောင်း သိရပါတယ်။(NVS 008)

04 May

ADVERTISE HERE .