မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် သာစည်-ရွှေညောင် ရထားလမ်းပိုင်း ဆင်တောင်နှင့် မြင်းဒိုက်ဘူတာအကြား ရထားလမ်းတာပေါင်ပြိုကျမှုဖြစ်ပွား
04 Mayမိုးကြိုကာလဖြစ်သည့် မေလ ၁ ရက်မှစ၍ မြန်မာနိုင်ငံနေရာအချို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရှမ်းပြည်နယ် တောင်ပိုင်း သာစည်မြို့နယ်အတွင်းရှိ သာစည်-ရွှေညောင်ရထားလမ်းပိုင်း၏ ဆင်တောင်နှင့် မြင်းဒိုက်ဘူတာအကြား မိုင်တိုင်အမှတ် ၃၅၇/၄-၅ အကြား ရထားလမ်းတာပေါင် ပြိုကျမှုဖြစ်ပွားခဲ့မှုကြောင့် ရထားလမ်းပိုင်းကို မေ ၁ ရက် ညနေ ၆ နာရီ ၁၆ မိနစ်မှစ၍ ယာယီပိတ်ထားခဲ့ရကြောင်း သိရပါတယ်။ အဆိုပါ ရထားလမ်း တာပေါင်ပြိုကျမှုဖြစ်ပွားရာနေရာသို့ မြန်မာ့မီးရထားဝန်ထမ်းများက မေလ ၁ ရက် ည ၇ နာရီ တွင် ရောက်ရှိစစ်ဆေးခဲ့ရာ ရထားလမ်းတာပေါင် ဇလီဖားတုံးထိပ်မှ အလျားပေ ၂၀၊ အမြင့်ပေ ၃၀ ခန့်ရှိ မြေသားတာပေါင် ပြိုကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရထားလမ်းတာပေါင်ပြိုကျမှုကြောင့် မေ ၂ ရက်မှစ၍ ယာယီရပ်နားထားရသည့် သာစည်-ရွှေညောင် ရထားခရီးစဉ်အမှတ်(၁၄၁)အဆန်၊ (၁၄၂)အစုန်ရထားများ အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရေး မြန်မာ့မီးရထား ဝန်ထမ်းများက ပျက်စီးခဲ့သည့် ရထားလမ်းပိုင်းမြေထိန်းနံရံအား ပိုင်ရိုက်ခြင်းနှင့် ၆" x ၉" ကျောက်ကြီးများ ထည့်သွင်းခြင်းတို့ကို ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။(NVS 004)