တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၁၁ ကြိမ်မြောက်လှူဒါန်းသည့် Modular(Prefabricated) House အလုံး ၃၄၀ ရောက်ရှိ
04 Mayမြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံက (၁၁)ကြိမ်မြောက်လှူဒါန်းသည့် တန်ချိန် ၁,၃၅၅ တန်ရှိ Modular (prefabricated) House အလုံး ၃၄၀ တင် ဆောင်လာသည့် M/V DKILIOS သင်္ဘောသည် မေလ ၃ ရက် ညနေ ၄ နာရီ ၃၅ မိနစ်က သီလဝါ(MITT)ဆိပ်ကမ်းသို့ရောက်ရှိခဲ့ကြောင်း သိရပါတယ်။ ရောက်ရှိလာသည့် Modular (Prefabricated) House အလုံး ၃၄၀ အား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သန်လျင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက တရုတ်သံရုံးစီးပွားရေးသံမှူး Mr. Ouyang Daobing ထံမှ သီလဝါဆိပ်ကမ်း၌ လွှဲပြောင်းလက်ခံခဲ့ပါတယ်။ ဆက်လက်ပြီး အဆိုပါ Modular(Pre-fabricated) House ၃၄၀ ကို M/V DKILIOS သင်္ဘောပေါ်မှ ကုန်တင်ကားပေါ်သို့ ကရိန်းဖြင့်ချနေသည့် အခြေအနေများနှင့် ငလျင်ဘေးသင့်ဒေသများသို့ ရန်ကုန်တိုင်းဒေသကြီးမှ မြန်မာ့မီးရထားဖြင့် သယ်ယူပို့ဆောင်နိုင်ရေး ကုန်တင်ကားပေါ်မှ ရထားတွဲပေါ်သို့ ကရိန်းဖြင့်တင်ဆောင်နေသည့် အခြေအနေများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ က ကြည့်ရှုခဲ့ကြောင်း သိရရှိပါတယ်။(NVS 004)