ရွှေတိဂုံစေတီတော်တွင် (၄၂) ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပမည်
04 May
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ရွှေတိဂုံစေတီတော်တွင် (၄၂)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းပွဲတော်ကို မေလ ၁၁ ရက်(ကဆုန်လပြည့်နေ့) နံနက် ၇ နာရီတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရပါတယ်။ အဆိုပါ ရွှေတိဂုံစေတီတော်၏ ကဆုန်ညောင်ရေသွန်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို စေတီတော်ရင်ပြင် အင်္ဂါထောင့်ရှိ မဟာဗောဓိညောင်ပင်၌ ရွှေတိဂုံစေတီတော် ဩဝါဒါစရိယဆရာတော်ကြီးများ၊ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင်လူကြီးများ၊ ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ၊ ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ထို့ပြင် ဘုရားဖူးပြည်သူများ ရင်ပြင်တော်ထောင့်လေးထောင့်ရှိ မဟာဗောဓိညောင်ပင်များတွင် လွယ်ကူစွာ ညောင်ရေသွန်းလောင်း ပူဇော်နိုင်ရန်အတွက် ဗုဒ္ဓဝေယျာဝစ္စအသင်းများနှင့် ဝန်ထမ်းများက ကုသိုလ်ယူကူညီ ဆောင်ရွက်ပေးရန် စီစဉ်ထားရှိမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော်၏ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ထံမှ သိရပါတယ်။(NVS 004)