“ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ တန်ဆောင်းများအဆင့်မြှင့်တင်ပြုပြင်မွမ်းမံနေ”

02 May

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပြီးစီးပြီဖြစ်ကာ တန်ဆောင်များ အဆင့်မြှင့်တင်မွမ်းမံခြင်းများဆောင်ရွက်လျက်ရှိကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်။ စေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန်အတွက်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ တတိယပတ်မှ ၂၀၂၅ ခုနှစ် မေလပထမပတ်အထိ ၇ လခွဲအတွင်း လုပ်ငန်းစဉ် ၇ ခုနဲ့ လျာထားဆောင်ရွက်ခဲ့ကာ လက်ရှိငြမ်းဖျက်သိမ်းမှုမှာ အနည်းငယ်သာကျန်ရှိတော့တာဖြစ်တယ်လို့ ဂေါပကအဖွဲ့တာဝန်ရှိသူတစ်ဦးထံကနေ သိရပါတယ်။ ငြမ်းဖျက်သိမ်းခြင်းကို ၂၀၂၅ ခုနှစ် မတ်လပထမအပတ်မှ ဧပြီလပထမအပတ်ထိ ဆောင်ရွက်ရန် လျာထားခဲ့ ပေမယ့် ပြီးစီးခြင်းမရှိတာကြောင့် လာမယ့်မေလအတွင်းမှာပြီးစီးအောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ရွှေတိဂုံစေတီတော်မြတ်ကြီးရဲ့ အနောက်ဘက်တန်စောင်းရှိသွပ်ပန်းတဉ်းများဖြင့် ပြုလုပ်ထားတဲ့ မြန်မာမှု ပန်းဆွဲလက်ရာများကို ကျွန်းသစ်နဲ့ ပြုလုပ်ထားတဲ့ မြန်မာမှုလက်ရာများနဲ့ ပြောင်းလဲတပ်ဆင်နိုင်ရေး၊ ပြဒါးရှင်ဘုရား အနီးရှိ လဟာပြင်တန်ဆောင်းအတွင်း ရွှေသင်္ကန်းရောင်မှိန်နေတဲ့ ဗုဒ္ဓရုပ်ပွားတော်များနှင့် မျက်နှာကြက်များကို ပြန်လည်ပြုပြင်မွမ်းမံဆောင်ရွက်လျက်ရှိနေတယ်လို့လည်း သိရပါတယ်။ ရွှေတိဂုံစေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်ရန်အတွက် ငြမ်းစေတီတည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၄ ခုနှစ် စက်တင်ဘာလတတိယအပတ်မှ အောက်တိုဘာလတတိယအပတ်ထိလည်းကောင်း၊ ရွှေစင်ရွှေပြားများ ရောင်တော်ဖွင့်ခြင်းကို ၂၀၂၄ ခုနှစ်၊အောက်တိုဘာလစတုတ္တအပတ်မှ ဒီဇင်ဘာလပထမအပတ်ထိလည်းကောင်း၊ ပျက်စီးရွှေပြားများစာရင်းကောက်ယူခြင်းကို ၂၀၂၄ ခုနှစ်၊အောက်တိုဘာလစတုတ္တအပတ်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ စတုတ္တအပတ်အထိလည်းကောင်း၊ အလှူရှင်များမှ ရထားပျံနဲ့ ရွှေပြားလှူဒါန်းခြင်းနှင့် ပျက်စီးရွှေပြားများ လဲလှယ်ခြင်းကို နိုဝင်ဘာလပထမအပတ်မှ ၂၀၂၅ ခုနှစ် မတ်လဒုတိယအပတ်အထိလည်းကောင်း၊ ရွှေချွတ်၊ရွှေချ လုပ်ငန်းများဆောင်ရွက်ခြင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလဒုတိယအပတ်မှ ၂၀၂၅ ခုနှစ်၊ မတ်လစတုတ္တ အပတ်ထိ လည်းကောင်း၊ ငြမ်းဖျက်သိမ်းခြင်းကို ၂၀၂၅ ခုနှစ် မတ်လပထမအပတ်မှ ဧပြီလပထမအပတ်ထိလည်းကောင်း၊ ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့် ရေစက်ချအခမ်းအနားကို ၂၀၂၅ ခုနှစ် မေလပထမအပတ်မှာ လည်းကောင်း စတဲ့လုပ်ငန်းစဉ် ၇ ခုနဲ့ လျာထားဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ (NVS 004)

02 May

ADVERTISE HERE .