(၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ စာအောင်သာသနာ့အာဇာနည် အရှင်သူမြတ်များအား ချီးကျူးပူဇော်ပွဲအခမ်းအနား ကျင်းပမည်
01 May
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသည့် (၇၇)ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် အောင်မြင်တော်မူကြသည့် သာသနာ့အာဇာနည် အရှင်သူမြတ်များအား အောင်လက်မှတ်၊ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲနှင့် ချီးကျူးပူဇော်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ မေလ ၂၀ ရက်(၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်) နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။ အခမ်းအနားသို့ ကြွရောက်တော်မူကြမည့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက ဆရာတော်ကြီးများ၊ တိပိဋကဓရ တိပိဋကကောဝိဒ ဆရာတော်များ၊ ပုစ္ဆကဆရာတော်များ၊ ကြီးကြပ်ရေးဆရာတော်များအပါအဝင် ပင့်သံဃာ ၃၁ ပါး၊ ယခုနှစ်တွင် အောင်မြင်တော်မူကြသော တိပိဋကဓရ တိပိဋကကောဝိဒ ၁ ပါး၊ ဒီဃနိကာယ ကောဝိဒ ၂ ပါး၊ ဒီဃဘာဏက ၁၁ ပါး၊ ဝိနယကောဝိဒ ၁ ပါး၊ ဝိနယဓရ ၂၉ ပါး၊ ဥဘတောဝိဘင်္ဂကောဝိဒ ၇ ပါး၊ ဥဘတောဝိဘင်္ဂဓရ ၄၆ ပါး၊ စာအောင် သံဃာ ၉၇ ပါး၊ စုစုပေါင်းသံဃာတော် ၁၂၈ ပါးတို့အား လှူဖွယ် ဝတ္ထုပစ္စည်းများဖြင့် ချီးကျူးပူဇော်ပွဲ ကျင်းပသွားမှာဖြစ်ပါတယ်။ အလှူရှင်များအနေနဲ့ လှူဖွယ်ဝတ္ထုပစ္စည်းများကို ညွှန်ကြားရေးမှူးစာမေးပွဲဌာနခွဲ သာသနာရေးဦးစီးဌာန ဖုန်း ၀၉-၈၈၀၅၆၀၇၉၀၊ ၀၉-၄၃၀၆၇၁၆၈ သို့ ဆက်သွယ်၍ ကြိုတင်လှူဒါန်းနိုင်ကြောင်း သာသနာရေးဦးစီးဌာနမှ သိရပါတယ်။(NVS 004)