တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရမည့် ကျောင်းသား/ကျောင်းသူများအား ဆရာ/ဆရာမ ၁,၀၀၀ ကျော်ဖြင့် ဘာသာရပ်အလိုက်သင်ကြားပေးမည်

01 May

နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ နှင့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများအား ဘာသာရပ်အလိုက် သင်ကြားပေးမည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ/ဆရာမများ တွေ့ဆုံပွဲအခမ်းအနားကို ဧပြီလ ၃၀ ရက်နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်သော ဒေါက်တာ ဇော်မြင့် နှင့် ဦးနေမျိုးလှိုင်၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ နေပြည်တော်ကောင်စီပညာရေးမှူးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ သင်ကြားရေးတာဝန်များဆောင်ရွက်မည့် ဆရာ/ဆရာမများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများကို သတ်မှတ်ထားသောကျောင်းများ၌ မေလ ၂ ရက်တွင် စတင်သင်ကြားပေးရန် စာရင်းပေးထားသည့် တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များမှ ဆရာ/ဆရာမ ၁,၀၇၆ ဦးရှိကြောင်း၊ လေဆိပ်နှင့် ကားဂိတ်တို့တွင် တာဝန်ရှိသူများက ကြိုဆို နေကြမည်ဖြစ်ကြောင်း၊ သဘာဝဘေးဒဏ် ခံစားရသည့်ဒေသများမှ ကျောင်းသား၊ ကျောင်းသူများကို စာမေးပွဲ ကောင်းမွန်စွာဖြေဆိုနိုင်ရန်အတွက် လာရောက်ကူညီပေးခြင်းဖြစ်သည့်အတွက် ဆရာ/ဆရာမများ၏ နေထိုင်၊ စားသောက်၊ သွားလာရေးအဆင်ပြေစေရန် တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများနှင့် ပညာရေးမှူးရုံး အသီးသီးရှိ ဝန်ထမ်းများက ဝိုင်းဝန်းစောင့်ရှောက် ကူညီပေးကြရမည်ဖြစ်ကြောင်း၊ စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများကို သွားရောက်သင်ကြားပေးခြင်းသည် ပညာဒါနမြောက်သည်ဖြစ်၍ ကျောင်းသား/ ကျောင်းသူများကို သင်ခန်းစာ၊ မေးခွန်းပုံစံများကို သေချာစွာနားလည်သဘောပေါက်နိုင်စေရန် စေတနာအပြည့်ဖြင့် သင်ကြားပေးစေလိုကြောင်း၊ သမိုင်းမှတ်တိုင်စိုက်ထူနိုင်မည့် စာသင်ကြားပေးသည့်အစီအစဉ်တွင် ပါဝင်ကြမည့် ဆရာ/ဆရာများအားလုံးကို ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း ပြောကြားခဲ့ပါတယ်။(NVS 004)

01 May

ADVERTISE HERE .